မြဝတီ ၁၄ ဇူလိုင်
ဓမ္မဒူတအရှင်ဆေကိန္ဒ ဆရာတော်မှ ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ရွှေမြဝတီ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းမှ ကန့်သတ်စောင့်ကြည့်ခံ ကိုယ်ဝန်ဆောင်များအတွက် မွေ့ရာနှင့် ခုတင်အစုံ ၂၅ စုံကို ထပ်မံလှူဒါန်းခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ ရွှေမြဝတီ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းမှာ အကြမ်းဖျင်းအားဖြင့် အမျိုးသမီး ၃၂၀ နဲ့ အမျိုးသား ၆၈၀ လက်ခံထားပါတယ်၊ အဲ့ဒီထဲကမှ နဂိုမူလက ခရိုင်ကော်မတီရဲ့ အစီအစဉ်နဲ့ ခုတင်နဲ့မွေ့ရာအစုံ ၇၀ ကို ပံ့ပိုးပေးထားပါတယ်၊ အခုနောက်ပိုင်းမှာ ကိုယ်ဝန်ဆောင်နဲ့ သက်ကြီးရွယ်အိုတွေ ထပ်မံများပြားလာတဲ့အတွက် ဆရာတော်ကို ထပ်မံတင်ပြ အလှူခံခဲ့တဲ့အတွက် ဆရာတော်က အခုလို ထပ်မံလှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ စေတနာရှင် အလှူရှင်များအနေနဲ့လည်း ကျွန်တော်တို့စခန်းကို အထူဆို ၄၅၀၀၀ ကျပ်၊ အပါးဆို ၁၂၀၀၀ ကျပ်တန်ဖိုးရှိတဲ့ မွေ့ရာတွေကိုလည်း လာရောက်လှူဒါန်းနိုင်ပါတယ်”ဟု စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် ဒေါက်တာ စောဌေးမြင့်က ပြောသည်။
ဆရာတော်သည် ပထမအကြိမ် ခုတင်နှင့်မွေ့ရာအစုံ ၇၀ ကို လှူဒါန်းခဲ့ပြီးဖြစ်ကာ ယခုအခါ ခုတင်နဲ့မွေ့ရာ အစုံ (၂၅) စုံအပြင် အဝတ်အစားများနှင့် လက်ဆေးဇလုံများပါ ထပ်မံလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)


