ဓနုဖြူ ၄ ဩဂုတ်
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများ ရေရှည် တိုးပွားစေရေးနှင့် ငါးမျိုးစိတ်များ မျိုးသုန်းပျောက်ကွယ်မှု မရှိစေရေးအတွက် စပါးစိုက်ခင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက်ပိုင်းက နန်းတော်ကုန်းကျေးရွာရှိ စိုက်ပျိုးရေး စံပြစပါးစိုက်ခင်းတွင် ပြုလုပ်ခဲ့သည်။
ငါးမျိုးစိုက်ထည့်ရာသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦး၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးဇော်မင်း၊ မြို့နယ်ဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ လယ်သမားကြီးများနှင့် ကျောင်းသား၊ ကျောင်းသူများက ထိုင်းငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ ၇၀၀၀၀၊ တီလားဗီးယားငါးသားပေါက်ကောင်ရေ ၄၀၀၀၀ စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၁၁၀၀၀၀အား နန်းတော်ကုန်းကျေးရွာအုပ်စုရှိ စပါးစိုက်ခင်း ဧက ( ၂၂၀) အတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများအား ငါးသယံဇာတ ထိန်းသိမ်းရေး စာအုပ်များ ပေးအပ်ခြင်းနှင့် သရုပ်ပြစိုက်ခင်း (၁၀)ဧကတွင် ငါးခိုမြောင်း၊ ငါးခိုကျင်းများပြုလုပ်၍ ငါးထည့်သွင်းမွေးမြူထားခြင်းကို တောင်သူများ လေ့လာနိုင်စေရန် သရုပ်ပြမွေးမြူခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)