ဓနုဖြူ ၁၂ မေ


ဓနုဖြူမြို့နယ် လက်ဆွဲချောင်းကျေးရွာတွင် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် မွေးမြူရေးပညာပေး သင်တန်းကို မေ ၁၀ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။


သင်တန်းတွင် ဓနုဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ တင်မောင်လင်းနှင့် ဒုတိယဦးစီးမှူး  ဒေါက်တာတင်တင်အိတို့မှ တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နည်းများ၊ နွားများတွင် ဖြစ်ပွားတတ်သည့် ဒေါင့်နသန်းရောဂါ ကာကွယ်ဆေး ပုံမှန်ထိုးနှံပေးရေး၊ ကူးစက်ရောဂါဖြစ်ပွားပါက အမြန်ဆုံး ကုသဆောင်ရွက်ရေးနှင့် တိရစ္ဆာန်များ မွေးမြူရာတွင် မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှု၊ ပိုးသတ်သန့်စင်ခြင်း၊ သံသယဖြစ်ဖွယ်ရှိသော တိရစ္ဆာန်များအား သီးခြားခွဲကြရန်၊ တိရစ္ဆာန်များအား ကာကွယ်ဆေးပုံမှန်ထိုးပေးရေး၊ ကူးစက်ရောဂါ ဖြစ်ပွားသော တိရစ္ဆာန်များအား စားသောက်ခြင်းမပြုရန်နှင့် စနစ်တကျ မြေမြှုပ်ဖျက်ဆီးရန် စသည့်အချက်များကို  ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါသင်တန်းတွင် သင်တန်းသားဦးရေ ၄၀ ဦး တက်ရောက်ခဲ့ပြီး ကျေးရွာနေပြည်သူများ သိရှိနားလည်စေရန် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


အောင်သူဟိဏ်း(ဓနုဖြူ)