ရန်ကုန် ဒီဇင်ဘာ ၁၂
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းများ၊ ကုန်စည်ဒိုင်များ၏အသင်းဝင်များ၊ ပြည်ပတင်ပို့သည် Exporter များ၊ ဆန် ကုမ္ပဏီများအနေဖြင့်လိုက်နာဆောင်ရွက်ရန် ဒီဇင်ဘာလအတွက်သင့် တင့်မျှတသော ဈေးကွက် ဈေးနှုန်း(Reasonable Market Price) အဖြစ်ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ကျပ် ၉၅၀၀၀ အထိ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် (MRF) က သတ်မှတ်ထုတ်ပြန်ပေးခဲ့သည်။
ဒီဇင်ဘာလအတွက် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်း(Reasonable Market Price)ထုတ်ပြန်ချက်အရ (၁၀၈)ပေါင်/(၂၄)ပြည် ဆန်တစ်အိတ်ဈေးနှုန်းအနေဖြင့် သတ်မှတ်ပေးထားရာတွင် ဧည့်မထအုပ်စု ၂၅ မှတ် ဆန်တစ်အိတ်ကို ဈေးနှုန်းအနေဖြင့် ကျပ် ၆၀၀၀၀ မှ ၆၂၀၀၀ အဖြစ်လည်းကောင်း၊ ဧည့်မထအုပ်စု ၁၅ မှတ် ဆန်တစ်အိတ်ကို ကျပ် ၆၂၀၀၀ မှ ၆၄၀၀၀ အထိလည်းကောင်း၊ ဧည့်မထအုပ်စု ၁၀-၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၆၄၀၀၀ မှ ၆၈၀၀၀ အထိလည်းကောင်း သတ်မှတ်ထားသည်။
ထို့အတူ ရက် ၉၀၊ ပခန်း၊ အညာသား၊ အထူးဧည့်မထအုပ်စုများ ၁၀-၅ မှတ်ဆန် တစ်အိတ်ကို ကျပ် ၆၈၀၀၀ မှ ၇၂၀၀၀ အထိလ ည်းကောင်း၊ ဧရာမင်း၊ ဧရာပဒေသာ ၁၀-၅ မှတ် ဆန်တစ်အိတ်လျှင် ကျပ် ၉၀၀၀၀ မှ ၉၅၀၀၀ အထိ လည်းကောင်း၊ ဧရာဝတီပေါ်ဆန်းများ ၁၀-၅ မှတ်ဆန်တစ်အိတ်ကို ကျပ် ၈၀၀၀၀ ကျပ်မှ ၉၀၀၀၀ အထိ လည်းကောင်း၊ ရွှေဘိုပေါ်ဆန်း၁၀-၅မှတ်ဆန်တစ်အိတ်ကို ၉၀၀၀၀ ကျပ်မှ ၉၅၀၀၀ အထိလည်းကောင်း သတ်မှတ်ထားသည်။
စိုက်ပျိုးသူတောင်သူများ၊ ဆန်စက်လုပ်ငန်းများ၊ သိုလှောင်ဖြန့်ဖြူးရောင်းချ သူများနှင့် စားသုံးသူပြည်သူများအတွက် သင့်တင့်မျှတသော ဆန်ဈေးနှုန်းဖြစ်စေရန် ထည့်သွင်းစဉ်းစား၍ ယခုနှစ်ဈေးနှုန်းများ၊ နိုင်ငံတကာဈေးနှုန်းများ၊ ပြည်တွင်းဈေးကွက်ရှိ အခြားကုန်ဈေးနှုန်းများနှင့် ချင့်ချိန်ဆက်စပ်တွက်ချက်ထားကြောင်းလည်း ဖော်ပြထားသည်။
ဈေးကွက်အတွင်းရောင်းချမှုများတွင် ၅ ရာခိုင်နှုန်းမှ ၁ဝ ရာခိုင်နှုန်းအတွင်း ကွာဟမှုရှိနိုင်ပြီး SuperMarket များ Mini Mart များတွင် Consumer Packaging ဖြင့် Modern Tradeရောင်းချမှုများအတွက် ဈေးနှုန်း၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း ကွာဟမှုရှိနိုင်ကြောင်းလည်း ပါရှိသည်။
ဝယ်ယူရန်အခက်အခဲရှိပါက အသင်းချုပ်ရုံးနှင့် ကုန်စည်ဒိုင်များသို့ ဆက်သွယ်ညှိနှိုင်းဝယ်ယူနိုင်ကြောင်းလည်း သိရသည်။
MT