ဒီးမော့ဆို ၄ စက်တင်ဘာ
ကယားပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်အတွင်းရှိ ငါးမွေးမြူရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရာတွင် အထောက်အပံ့ဖြစ်စေရန်အတွက် ငါးသားပေါက်များ ဖြန့်ဖြူးထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီက ဒီးမော့ဆိုမြို့နယ် နောင်ပုလဲကျေးရွာ ခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ငါးသားပေါက်များ ပေးအပ်ပွဲတွင် ပြည်နယ်ငါးလုပ်ငန်းဦးစီး ဌာနမှူး ဦးညွန့်ဝင်း က နိုင်ငံတော်အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ငါးမွေးတောင်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် စီးပွားရေးအကျပ်အတည်းများနှင့် အခက်အခဲများအား လျော့ပါးသက်သာစေပြီး ငါးမွေးမြူရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေးအတွက် ငါးသားပေါက်များ ပံ့ပိုးပေးလျက်ရှိကြောင်း၊ ကယားပြည်နယ်တွင် ငါးမွေးကန်လိုင်စင်ရယူခဲ့သော ငါးမွေးတောင်သူ ၁၆၄ ဦး၊ ငါးမွေးကန် ၈၉၄ ဒသမ ၁၆ ဧကအတွက် တစ်ဧကလျှင် ငါးသားပေါက်ကောင်ရေ ၂၀၀၀ နှုန်းဖြင့် ဒေသခံများ ကြိုက်နှစ်သက်သည့် ငါးမျိုးစိတ်များကိုရွေးချယ်ပြီး ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် နောင်ပုလဲကျေးရွာအတွင်းရှိ ငါးမွေးတောင်သူ ၄၂ ဦး၊ ငါးမွေးကန် ၁၀၄ ဒသမ ၃ ဧက အတွက် ငါးမြစ်ချင်း ၁၁၄၇၃၀ ကောင်၊ ငါးခုံးမကြီး ၆၂၅၈၀ ကောင်၊ ရွှေဝါငါးကြင်း ၁၀၄၃၀ ကောင်၊ မြက်စားငါးကြင်း ၂၀၈၆၀ ကောင် စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၂၀၈၆၀၀ ကောင်ကို ငါးမွေးတောင်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရီရယ်(ပြန်/ဆက်)


