ဒီးမော့ဆို ၂၂ ဇွန်
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ကုန်းမြင့်ဒေသ စိုက်ပျိုးရေးသွင်းအားစုနှင့် လယ်ယာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ “ဖော” ငမြောင်တောင်ပိုး ကာကွယ်နှိမ်နင်းခြင်း ဆိုင်ရာ နည်းပညာပေးသင်တန်းနှင့် လက်တွေ့ကွင်းဆင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ် အားကစားကွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က တက်ရောက် အမှာစကား ပြောကြားခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အမှာစကား ပြောကြားရာတွင် မိမိတို့ ပြည်နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ဆောင်ရွက်နေသော ပြည်နယ်ဖြစ်ပြီး စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ပုံငွေများ ပိုမိုတိုးတက်ရရှိအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ ကျင်းပသော အခမ်းအနားသည် ပြောင်းစိုက်တောင်သူများအတွက် အန္တရာယ်ဖြစ်စေသော “ဖော” ငမြောင်တောင်ပိုး ကာကွယ်နှိမ်နင်းနည်းကို လက်တွေ့သရုပ်ပြ ဆောင်ရွက်မည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက်နိုင်သော တောင်သူများရှိပါက ယခု တက်ရောက်လာသော တောင်သူများက လက်ဆင့်ကမ်း အသိပညာပေးစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးခန့်က သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကုန်းမြင့်ဒေသ စိုက်ပျိုးရေးသွင်းအားစုနှင့် လယ်ယာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အဖွဲ့ခေါင်းဆောင် Mr.David J Glenn က သင်တန်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် စိုက်ပျိုးရေးပညာရှင် ဦးထွန်းထွန်းနိုင်က ဖောငမြောင်တောင်ပိုးအား အမျိုးအစား ခွဲခြားခြင်းဆိုင်ရာ နည်းပညာ၊ ဘက်စုံကာကွယ်နှိမ်နင်းခြင်းဆိုင်ရာ နည်းပညာနှင့် ပိုးသတ်ဆေးများအား အန္တရာယ်ကင်းရှင်းစွာ ကိုယ်တွယ်သုံးစွဲ အသုံးပြုခြင်းဆိုင်ရာ နည်းပညာများကို တောင်သူများ သိရှိနားလည်စေရန် ရှင်းလင်းပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသော တောင်သူများက ပြည်နယ်အစိုးရအနေနှင့် ဖောငမြောင်တောင်ပိုး ကာကွယ်ရေးအတွက် ကူညီဆောင်ရွက်ပေးရန် ရှိ/မရှိ၊ ပြောင်းစိုက်တောင်သူများအတွက် ကုန်စည်ဒိုင် ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ရေးနှင့် ငမြောင်တောင်ပိုး ကာကွယ်နှိမ်နင်းရေးနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး တာဝန်ရှိသူများက မေးမြန်းချက်အပေါ် ပြန်လည်ရှင်းလင်း ဖြေကြားသည်။
အခမ်းအနားပြီးတွင် တက်ရောက်လာကြသော တောင်သူများအား အစေ့ထုတ်ပြောင်းစိုက်ခင်းများသို့ သွားရောက်၍ ဖောငမြောင်တောင်ပိုး ကျရောက်မှုနှင့် ဖျက်ဆီးမှုအခြေအနေများကို လက်တွေ့ကွင်းဆင်း ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကုန်းမြင့်ဒေသ စိုက်ပျိုးရေးသွင်းအားစုနှင့် လယ်ယာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းမှ တာဝန်ရှိသူများနှင့် မြို့နယ်အတွင်းရှိ တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)