ဒီးမော့ဆို ၉ ဇွန်    


    
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Women Club မှ ဦးဆောင်၍ ခေါင်းဆောင်မှု အခန်းကဏ္ဍတွင် အမျိုးသမီးများ ပါဝင်လာရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံး ခန်းမ၌ ကျင်းပသည်။


    
ပြည်သူ့စကားဝိုင်းတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစဲရယ်သိန်းအောင် က ခေါင်းဆောင်မှု အခန်းကဏ္ဍတွင် အမျိုးသမီးများ ပါဝင်လာမှု အားနည်းနေသည့်အတွက် အမျိုးသမီးများ၏ ခေါင်းဆောင်မှု စွမ်းဆောင်ရည် မြင့်တက်လာအောင် အားလုံးပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင် က ခေါင်းဆောင်မှု အခန်းကဏ္ဍတွင် အမျိုးသမီးများ ပါဝင်လာစေရေး အရေးကြီးပုံကို ရှင်းလင်းပြောကြားသည်။


    
ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမြာရယ် က ဌာနမှ အမျိုးသမီးများ အတွက် ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားပြီး Women Club အဖွဲ့ဝင် ဒေါ်နော်လူဒီး က နိုင်ငံအတွင်း ခေါင်းဆောင်မှုအပိုင်းတွင် အမျိုးသမီးများ ပါဝင်လာမှုအခြေအနေများကို ပြောကြားကာ ဒေါငံခါး(၂) ရာအိမ်မှူး ဒေါ်ဝီတိုးရီယာမီးမီး က အမျိုးသမီးများ ခေါင်းဆောင်မှုအခန်းကဏ္ဍတွင် ကိုယ်တွေ့ ကြုံတွေ့နေရသော အခက်အခဲများကို ရှင်းလင်းပြောကြားသည်။

 


ယင်းနောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းကြပြီး ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားခဲ့သည်။

 


အဆိုပါ ပြည်သူ့စကားဝိုင်းတွင် ခေါင်းဆောင်မှု အခန်းကဏ္ဍတွင် အမျိုးသမီးများ ပါဝင်လာရေး ဆောင်ရွက်ရမည့် အကြောင်းအရာများကို အဓိကဆွေးနွေးကြပြီး ဆွေးနွေးပွဲသို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစဲရယ်သိန်းအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်နှင့် ဌာနဆိုင်ရာများ၊ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ အရပ်ဘက်လူမှုအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။

 

ရီရယ်(ဒီးမော့ဆို)