နေပြည်တော် စက်တင်ဘာ ၆
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေး အတွက် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းအပြင် တိုင်းရင်းသား အရပ်ဘက်အဖွဲ့အစည်း များအားလုံး မိမိတို့တတ်စွမ်းသမျှ အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း တိုင်းရင်းသားလူမျိုး များရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ယနေ့ကျင်းပသည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် တိုင်းရင်းသားဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစည်းအဝေးတွင် တိုက်တွန်း ပြောကြားသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်း ဝန်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ၊ အထွေထွေ အတွင်းရေးမှူး၊ တွဲဖက်အထွေထွေအတွင်းရေးမှူးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသား လူမျိုးစုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များ အသင်းနှင့်ပူးပေါင်း၍ “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပွဲတော်များကို ကျင်းပနိုင်ခဲ့ကြောင်း၊ ထိုကဲ့သို့ကျင်းပနိုင်ခြင်းဖြင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားများ၏ ရိုးရာဓလေ့နှင့် ယဉ်ကျေးမှုများ၊ အနုပညာများ၊ တိုင်းရင်းသားဒေသ တောတောင်ရေမြေအလှများ၊ တိုင်းရင်းသားအဝတ်အထည်များ၊ တိုင်းရင်းသား ဒေသထုတ်ကုန်များ၊ အလုပ်အကိုင်အခွင့်အလမ်းများ နှင့်ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းများအတွက် သာမက တိုင်းရင်းသားများ၏ စုစည်းမှု၊ စည်းလုံးညီညွတ်မှု၊ အချင်းချင်းလေးစားယုံကြည်မှုနှင့် ငြိမ်းချမ်းရေးအတွက်လည်း အထောက်အကူ ဖြစ်စေခဲ့သည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံတိုင်းရင်း သားလုပ်ငန်းရှင်များအသင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားလူမျိုးစုလုပ်ငန်းရှင်များ အသင်းတို့အနေဖြင့် တိုင်းရင်းသားများ၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် အခက်အခဲ၊ စိန်ခေါ်မှုများရှိပါက တင်ပြကြရန်နှင့် ဝန်ကြီးဌာနအနေဖြင့် တတ်နိုင်သမျှပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အနာဂတ်အတွက် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်ကို တည်ဆောက်နိုင်ရန် တိုင်းရင်းသားလူမျိုး များ၏အကျိုးစီးပွားကို ရှေးရှုပြီး ဝိုင်းဝန်းကြိုးပမ်း ပေးရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။
ထို့ပြင် ဒုတိယဝန်ကြီးက တိုင်းရင်းသားဒေသ များ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို ဆွေးနွေး ပြောကြားပြီး မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင် များအသင်း ဒုတိယဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာ၊ အထွေ ထွေ အတွင်းရေးမှူး ဦးမင်းဗညားစန်း၊ တွဲဖက် အထွေထွေအတွင်းရေးမှူး ဒေါက်တာအောင်ရဲဇော်၊ ဆက်ဆံရေးအရာရှိနှင့် ရုံးအဖွဲ့မှူး ဦးစိုးပိုင်၊ တိုင်းရင်း သားလူမျိုးစု လုပ်ငန်းရှင်အသင်းများမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးကြရာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်