ရန်ကုန်  ၁၃  စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင်  လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော လမ်းညွှန်ချက်များကို ပြည်သူများ စနစ်တကျ လိုက်နာစေရေးအတွက် ရည်ရွယ်၍  ယနေ့နံနက်ပိုင်းက  ဒလမြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များ စုပေါင်းဖွဲ့စည်းထားပြီး  အဖွဲ့ပေါင်း(၂၃)ဖွဲ့ ပါဝင်သည့် We Love Dala မှ နေ့စဉ် လူသွားလာမှုများပြားလျက်ရှိသော ကမာကဆစ်ဈေးကြီးနှင့် အောင်ဇေယျဈေးကြီးတို့၌ ဈေးဝင်ပေါက်နေရာများနှင့် ဈေးအတွင်းတို့တွင် ဈေးရောင်း ဈေးဝယ်သူများ၊ ခရီးသွားပြည်သူများ နှာခေါင်းစည်းများ အခမဲ့ယူနိုင်သည့် Mask Box များကို စနစ်တကျ ထားရှိဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ပေးခြင်းနှင့် ပတ်သက်ပြီး We Love Dala မှ ဘဏ္ဍာရေးမှူး ဒေါ်စန္ဒာချို က “ ဒီနေ့က လူစည်းကားတဲ့ ဈေးတွေမှာ  Mask Box တွေ အရင်ဆုံး စတင်လှူဒါန်းရခြင်းဖြစ်ပါတယ်၊  နှာခေါင်းစည်းမတပ်သော သူတွေက  ပုံမှန်မတက်နိုင်လို့လဲပါတယ်၊ တချို့ကျတော့လည်း ၃ ရက် လောက် သုံးကြတာရှိတယ်၊ ဒါဟာ မဝယ်နိုင်တာလား၊ အလွယ်တကူ မရနိုင်တာလားဆိုတာ စဉ်းစားမိတဲ့အတွက် နှာခေါင်းစည်းတွေကို လူတွေဆီ အရောက်ပို့နိုင်ဖို့ စဉ်းစားခဲ့ပါတယ်၊ ဒါကြောင့်မို့ လူစည်းကားနေရာတွေမှာ Mask Box တွေကို အဆင်သင့် နေ့တိုင်း အလွယ်တကူရနိုင်ဖို့ စီစဉ်ခဲ့ပါတယ်၊  Mask Box ကို ဖွင့်လိုက်တယ်ဆိုရင် လက်ကနေတစ်ဆင့် ပိုးက ရောက်နိုင် တာကြောင့် ခြေနင်းနဲ့ ပြုလုပ်ထားပါတယ်၊ လက်သန့်ဆေးကိုလည်း တပ်ဆင်ပေးထားတယ် ” ဟု ပြောကြားခဲ့သည်။

 

အဆိုပါ We Love Dala မှ ဒေသခံပြည်သူများ နှာခေါင်းစည်းများ အခမဲ့ယူနိုင်သည့် Mask Box များကို ကမာကဆစ်ဈေးကြီးတွင် ၃ ခု၊ အောင်ဇေယျဈေးကြီးတွင် ၂ ခု  တပ်ဆင်ထားရှိပေးပြီး၊ Mask Box တစ်ခုစီတွင် နှာခေါင်းစည်းအခုရေ ၅၀၀ နီးပါး ပါရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလ မပြီးမချင်း အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ဆက်လက်ပြီး စက်တပ်သမ္ဗန်ကူးတို့ဆိပ်များနှင့်  လူစည်းကားရာ နေရာများတွင်  ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်လင်းကျော်(ဒလ)