နေပြည်တော် ၂၃ မေ
ကိုလင်းထွန်း စီစဉ်ပြီး ရုပ်ရှင်ထုတ်လုပ်ရေးမှ ဒါရိုက်တာစတီး (ဒွေးမေတ္တာ) ရိုက်ကူးသော "အပေးအယူ" ရုပ်ရှင် ဇာတ်ကား၏ ဇာတ်ဝင်ခန်းသုံးပုံတစ်ပုံကို နေပြည်တော်တွင် မေ ၂၀ ရက်မှ စတင်ကာ ရိုက်ကူးလျက်ရှိရာ ယနေ့ လေးရက် မြောက်ရိုက်ကူးရေးကို မင်္ဂလာသီရိဟိုတယ်နှင့် ဟိုတယ်ဇုန်လမ်းမကြီးပေါ်တွင် ဆက်လက်ရိုက်ကူးလျက်ရှိသည်။
အဆိုပါ ရုပ်ရှင်ဇာတ်ကားသည် မိန်းကလေးများ ရင့်ကျက်သည့် အရွယ်မှာဖြစ်စေ၊ ငယ်ရွယ်သည့် အရွယ်မှာ ဖြစ်စေ ချစ်သူရည်းစားထားကြသည့် အခါတွင် ချစ်သူကို ယုံကြည်၍ ဘဝကို ပုံအပ်ကြရာမှ အမှားနှင့်ရင်ဆိုင်ကြရပြီး ပြင်၍ရသည့် အမှားရှိသကဲ့သို့ ဘဝပျက်သွားသည့် အမှားများရှိသည့် အကြောင်းအရာကို မီးမောင်းထိုးပြသော ဇာတ်ကားဖြစ်သည်။
အပေးအယူရုပ်ရှင်ဇာတ်ကားကို မေ ၂၀ ရက်မှ စတင်ကာ ၂၅ ရက်အထိ ခြောက်ရက်ကြာရိုက်ကူးလျက်ရှိပြီး ရုက်ကူးရေးလုပ်ငန်းများကို နံနက်ပိုင်းမှစတင်ကာ ည ၁၁ နာရီအထိ ရိုက်ကူးလျက်ရှိကြောင်း၊ အပေးအယူဇာတ်ကားသည် မင်းသား မင်းသမီးထက် ဇာတ်အိမ်ကိုသာ ဦးစားပေးထားကြောင်း၊ ယခုဇာတ်ကားအပြင် နောက်ထပ် ဇာတ်ကားအချို့ကိုလည်း နေပြည်တော်အတွင်းရှိ ကျေးလက်ဒေသများနှင့် လှေခွင်းတောင်၊ နမ့်မွန်ကြီးရေတံခွန်တို့တွင် ဆက်လက်ရိုက်ကူးရန်ရှိကြောင်း၊ ယင်းဇာတ်ကားအမည်ကို "ငါတို့သည်"ဟု အမည်ပေးထားကြောင်း၊ ထို့ပြင် ၂၀၁၉ အောက်တိုဘာလတွင် "အမေ့အကြောင်း" ဇာတ်ကားကို ထပ်မံရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။
သတင်း-နိုင်စိုးမင်း၊ ဓာတ်ပုံ-ကိုမင်း