ရန်ကုန်  ၆  နိုဝင်ဘာ

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ဘူတန်နိုင်ငံ၌ ကျင်းပသော Druk International film festival (DIFF) ရုပ်ရှင်ပွဲတော်တွင် အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်သော မြန်မာရုပ်ရှင်ဇာတ်ကား တစ်ကားဖြစ်သည့် “နို့ဘီလူး” ရုပ်ရှင်ဇာတ်ကား သည် ထူးချွန်ဆု (၄)ဆု ဆွတ်ခူးရရှိကြောင်း သိရသည်။

အဆိုပါပွဲတော်မှ ချီးမြှင့်သည့် 16th Season (2020) Competition တွင် အမေရိကန်၊ ဂျာမနီ၊ စပိန်၊ ပြင်သစ်၊ အင်္ဂလန်၊ ဂျပန်၊ အိန္ဒိယ စသည့် နိုင်ငံအသီးသီးမှ ဇာတ်ကားများစွာနှင့်အတူ မြန်မာနိုင်ငံမှ “နို့ဘီလူး” ရုပ်ရှင်ဇာတ်ကားအား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဆုအမျိုးအစားပေါင်းများစွာအနက်မှ ထူးချွန်ဆု (၄)ခုဖြစ်သော Best Director Outstanding Achievement Award Winner (ဒါရိုက်တာဆု) ကို ဒါရိုက်တာ လူမင်းကလည်းကောင်း၊ Best Actor Outstanding Achievement Award Winner (အမျိုးသားဇာတ်ဆောင်ဆု) ကို သရုပ်ဆောင် လူမင်း ကလည်းကောင်း၊ Best Supporting Actress Outstanding Achievement Award Winner (အမျိုးသမီးဇာတ်ပို့ဆု)ကို သရုပ်ဆောင် ရွှေမှုံရတီက လည်းကောင်း ဆွတ်ခူးရရှိသည့်အပြင် Best Narrative Feature Film Outstanding Achievement Award Winner (ဇာတ်ကားဆု) ကိုပါ ဆွတ်ခူးရရှိခဲ့သည်။
    
အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်သူဦးကျော်ကျော်ဦးက “ ဒီပြိုင်ပွဲကို Druk International film festival (DIFF) ရုပ်ရှင်ပွဲတော်ရဲ့ Website ကနေတစ်ဆင့်သိပြီးတော့ ဒီဇာတ်ကားကို ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့တာပါ။ အခုလို ထူးချွန်ဆုရရှိခဲ့တာ မြန်မာ့ရုပ်ရှင်အတွက် အလွန်ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ဒါ့အပြင် ၂၀၂၁ ခုနှစ်မှာ ဘူတန်နိုင်ငံမှာ ဆက်လက်ကျင်းပမယ့် Golden Dragon Awards ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာလည်း ဆန်ကာတင် Nominees အဖြစ် ဆက်လက်ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။ နိုင်ငံစုံ လူမျိုးပေါင်းစုံတို့ရှေ့မှာ မြန်မာ့ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကား အဖြစ် ချပြတင်ဆက်ခွင့်ရခဲ့တဲ့အပြင် ထူးချွန်ဆုတွေပါရရှိခဲ့တဲ့အတွက် လွန်စွာကျေနပ်ပီတိ ဖြစ်မိပါတယ်။ မြန်မာရုပ်ရှင်ကို နိုင်ငံကြီးတွေနဲ့အတူ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်” ဟု ပြောသည်။

“အခု ကိုဗစ်-၁၉ ဖြစ်ပွားနေတော့ ရုပ်ရှင်ရိုက်ကူးရေးရပ်နားထားရချိန်မှာ ကျွန်တော်ရိုက်ကူးခဲ့တဲ့ ဒီ “နို့ဘီလူး” ရုပ်ရှင် ဇာတ်ကားက နိုင်ငံတကာဆုတွေ ရရှိတဲ့အတွက် အတိုင်းမသိဝမ်းသာရပါတယ်” ဟု “နို့ဘီလူး” ရုပ်ရှင်ဇာတ်ကား ဒါရိုက်တာ/သရုပ်ဆောင် အကယ်ဒမီလူမင်းက ပြောသည်။ 

ဒါရိုက်တာအကယ်ဒမီလူမင်း ရိုက်ကူးထုတ်လုပ်သော “နို့ဘီလူး” ရုပ်ရှင်ဇာတ်ကားသည် ၂၀၁၉ ခုနှစ်တွင် ရုံတင်ပြသ ခဲ့သော ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီး လူကြိုက်များခဲ့သော ဇာတ်ကားတစ်ကားလည်း ဖြစ်သည်။

မြန်မာနိုင်ငံမှ ရုပ်ရှင်ဇာတ်ကားများ၊ ဇာတ်လမ်းတိုများ၊ မှတ်တမ်းတင်ရုပ်ရှင်ကားများသည် နိုင်ငံတကာတွင် ကျင်းပနေသော ရုပ်ရှင်ပွဲတော်များစွာ၌ ပါဝင်ယှဉ်ပြိုင်လျက်ရှိရာ ထူးချွန်ဆုများရရှိခဲ့ပြီး နိုင်ငံတကာ၏ အသိအမှတ် ပြုခြင်းခံရကာ မြန်မာ့ရုပ်ရှင်ဇာတ်ကားများ နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်နိုင်မည်ဖြစ်သည်။

Druk International film festival (DIFF) ရုပ်ရှင်ပွဲတော်သည် သဘာ၀ပတ်၀န်းကျင်၏ ပျော်ရွှင်ငြိမ်းချမ်းမှုကို ဖန်တီး ဖော်ဆောင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး အမြင်အာရုံဆန်းသစ်စေသော ဇာတ်လမ်းများအား လွတ်လပ်စွာ ရိုက်ကူးခြင်းဖြင့် အနုပညာပတ်ဝန်းကျင်တွင် ခိုင်မာသောရုပ်ရှင်အသိုက်အဝန်းတခု တည်ဆောက်နိုင်ရန် ရည်ရွယ်ချက် ဖြင့် ပွဲတော်ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။ 

ကျော်စွာ(FDC)