သထုံ       ဧပြီ        ၁၇

မွန်ပြည်နယ် သထုံမြို့နယ် ဒုံဝန်းကျေးရွာ ညောင်ပင်သာကျောင်းတိုက်ရှိ အောင်ချမ်းသာဘုရား ရင်ပြင်တော်‌၌ မဟာသင်္ကြန်ကာလ နှစ်ကူးအထူးတရားပွဲများကို ညောင်ပင်သာ ကျောင်းဂေါပကအဖွဲ့မှ ကြီးမှူး၍ ညစဉ်ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒုံဝန်းကျေးရွာအတွင်း နှစ်ကူးကာလ၌ ဗုဒ္ဓဘာသာသာဝင်တို့၏ ဓလေ့ထုံးတမ်းနှင့်အညီ ကုသိုလ်တရား များဖြင့် ထုံမွှမ်းပြီး မင်္ဂလာရှိစွာ နှစ်သစ်ကိုစတင်သည့်အနေဖြင့် တရားသဘင်ကို စုပေါင်းကျင်းပရခြင်း ဖြစ်ကြောင်း ညောင်ပင်သာကျောင်းတိုက် ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။

မဟာသင်္ကြန်ကာလ နှစ်ကူးအထူးတရားပွဲကို သင်္ကြန်အကျနေ့မှ အတက်နေ့အထိ ညစဉ် ကျင်းပခဲ့ပြီး အကျနေ့ညတွင် ဒုံဝန်းကျေးရွာ အသောကရာမကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာစက္ကအရှင်သူမြတ်၊ အကြတ်နေ့ညတွင် ရတနာဇေယျုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တရေဝတ အရှင်သူမြတ်နှင့် အတက်နေ့ ညတွင် ညောင်ပင်သာကျောင်း အောင်ချမ်းသာဆရာတော် ဘဒ္ဒန္တစန္ဒာဝရ အရှင်သူမြတ်တို့က ဓမ္မဒေသနာတရားတော်များကို ဟောကြားချီးမြှင့်ပေးတော်မူခဲ့ကြရာ ဒုံဝန်းကျေးရွာနေ ဗုဒ္ဓဘာသာဝင် များက တရားတော်များကို နာယူခဲ့ကြပြီး ဓမ္မပူဇာလှူဖွယ်များကို ဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ကိုကိုဦး(ပြန်/ဆက်)