နေပြည်တော် နိုဝင်ဘာ  ၁၉

 

၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြင်းစီးအားကစားနည်း ထည့်သွင်းကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့်အတွက် မြန်မာနိုင်ငံမှ မြင်းစီးအားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရန် ရည်ရွယ်၍ ဒုတိယအဆင့် အရည်အချင်းစစ် ခရီးရှည်မြင်းစီး အားကစားပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ မြင်းစီးအားကစားကွင်း၌ ကျင်းပသည်။

 

အဆိုပါပြိုင်ပွဲသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယ ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် မြင်းစီးအားကစားသမားများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက (၅၅) ကီလိုမီတာနှင့် ကီလိုမီတာ(၇၀) အရည်အချင်းစစ် ခရီးရှည်မြင်းစီး အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် အားကစားသမားများအား စတင် တာလွတ်ပေးခဲ့သည်။

 

ထို့နောက် မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး မြင်းများအား စနစ်တကျထားရှိနိုင်ရေး၊ ပြိုင်ပွဲဝင် အားကစားသမားများအား စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိစေရေး၊ အဖွဲ့ချုပ်မှ တာဝန်ရှိသူများအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ မြင်းစီးကလပ်အသင်းများနှင့် ပေါင်းစပ်၍ မြင်းစီးအားကစားနည်း ပိုမိုတိုးတက်လာစေရေး ညှိနှိုင်းဆောင်ရွက်သွားရန်နှင့် နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲများတွင် မြန်မာနိုင်ငံမှ မြင်းစီးအားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရန်မှာကြားသည်။

 

(၅၅)ကီလိုမီတာနှင့် ကီလိုမီတာ (၇၀) အရည်အချင်းစစ် ခရီးရှည်မြင်းစီး အားကစားပြိုင်ပွဲသို့ YECC RIDING CLUB, NAY PYI TAW RIDING CLUB နှင့် MO RIDING CLUB တို့မှ ပြိုင်ပွဲဝင်မြင်းစီး အားကစားသမား(၁၁)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

 

ပြိုင်ပွဲများအပြီးတွင် အောင်လက်မှတ် ချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပခဲ့ရာ (၅၅) ကီလိုမီတာနှင့် ကီလိုမီတာ (၇၀) အရည်အချင်းစစ် ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲတွင် အောင် မြင်ခဲ့သည့် မြင်းစီးအားကစားသမားများကို တာဝန်ရှိသူများက အရည်အချင်းစစ် အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်အနေဖြင့် အရည်အချင်းစစ် ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲများကို ထပ်မံကျင်းပ ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)