ဟားခါး ၁ စက်တင်ဘာ

 

ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၂၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို စက်တင်ဘာ ၁ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့ ချင်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၂၂)ဉီး တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ချင်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးအဖွဲ့၊ အဖွဲ့ဝင် ဦးအောင်သိန်း (အစား) ဦးသောင်းထွေး၊ ပြည်နယ်တရားရေးဦးစီးမှူးအား အစားထိုးပြောင်းလဲတာဝန်ပေးအပ်ခြင်း ဆောင်ရွက်သည်။

 

ထို့နောက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၄)ဦးက မေးခွန်း(၁၄)ခုကို မေးမြန်းကြရာ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက ပြန်လည်ဖြေကြားကြသည်။

 

ဆက်လက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝီကောက ၂၀၂၀−၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် ၂၀၂၀−၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်ဒေသန္တရ စီမံကိန်းဥပဒေကြမ်းတို့ကို လွှတ်တော်သို့တင်သွင်းရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ထို့နောက် ပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က ချင်းပြည်နယ် စည်ပင်သာယာရေးဉပဒေ ပြင်ဆင်ပေးရန် လွှတ်တော်သို့တင်သွင်းရာ ချင်းပြည်နယ် လွှတ်တော်ဥပဒေ ပြုရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆွန်ဒိုကျင်က ဥပဒေပြုရေးအဖွဲ့၏ စိစစ်တွေ့ရှိချက်ကို တင်ပြပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် ပြည်နယ်စာရင်းစစ်ချုပ် ဦးလာလ်တင်မန်းက ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လအတွက် ဘဏ္ဍာငွေ အရအသုံးစာရင်း စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို လွှတ်တော်သို့တင်သွင်းပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးပြေမင်းက ချင်းပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းအဖွဲ့၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် စွမ်းအင်ဆိုင်ရာအဖွဲ့၊ ပညာရေးနှင့် ကျန်းမာရေးအဖွဲ့၏ အစီရင်ခံစာကို လွှတ်တော်သို့ တင်သွင်းကာ အစည်အဝေးပထမပိုင်းကို မွန်းလွဲ ၁၂ နာရီခွဲတွင် ခေတ္တရပ်နားသည်။

 

ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၂၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယပိုင်းအစီအစဉ်ကို မွန်းလွဲ ၂ နာရီက ဆက်လက်ကျင်းပရာ အစည်းအဝေး ပထမပိုင်းတွင် ချင်းပြည်နယ်အစိုးရ အဖွဲ့မှတင်သွင်းသော ၂၀၂၀−၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် ၂၀၂၀−၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်ဒေသန္တရ စီမံကိန်းဥပဒေကြမ်းတို့နှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၂)ဦးက ဆွေးနွေးကြပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူကာ အတည်ပြုကြောင်း ကြေညာသည်။

 

ယင်းနောက် ချင်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းသော ချင်းပြည်နယ် စည်ပင်သာယာရေး ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းက ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုခြင်း ဆောင်ရွက်သည်။

 

ထို့နောက် ပြည်နယ်စာရင်းစစ်ချုပ်မှ တင်သွင်းသော ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လအတွက် ဘဏ္ဍာငွေ အရအသုံးစာရင်း စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြပြီး လွှတ်တော်က မှတ်တမ်းတင်ခြင်း ဆောင်ရွက်သည်။

 

ယင်းနောက် ချင်းပြည်နယ် လွှတ်တော်ပြည်သူ့ငွေစာရင်းအဖွဲ့၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် စွမ်းအင်ဆိုင်ရာအဖွဲ့၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ အဖွဲ့များ၏ အစီရင်ခံစာများအား လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြပြီး လွှတ်တော်က မှတ်တမ်းတင်ခြင်း ဆောင်ရွက်ကာ အစည်းအဝေးကို ညနေ ၃ နာရီခွဲတွင် ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)