ဘားအံ  ၃  စက်တင်ဘာ 


ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၁၀ နာရီက ကရင်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၃)ဦးမှ ကြယ်ပွင့်ပြထားသည့်မေးခွန်း (၇)ခုကို မေးမြန်းခဲ့ရာ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့သည်။      

     
ထို့နောက် ကရင်ပြည်နယ်အတွင်းရှိ ဌာန/ အဖွဲ့အစည်းများ၏ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ပြည်နယ် ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေငွေစာရင်းများနှင့်စပ်လျဉ်း၍ ပြည်နယ်စာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ရှိ ချက် အစီရင်ခံစာအပေါ် ပြည်နယ်လွှတ်တော်ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စိစစ်အကြံပြုရေးကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာကို ကော်မတီဥက္ကဋ္ဌက ဖတ်ကြားရှင်းလင်းခဲ့ပြီး  ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။


ဆက်လက်၍  ကရင်ပြည်နယ်၏ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်း ဥပဒေကြမ်းကို မြဝတီ မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ကျန်ခမ်းနှင့် ပအိုဝ်း တိုင်းရင်းသားလူမျိုး  လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မျိုးတင့်တို့ကလည်းကောင်း၊ ၂၀၂၀ - ၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ရသုံး ခန့်မှန်းခြေငွေစာရင်းနှင့် ၂၀၂၀ - ၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်၏ ဘဏ္ဍာ ငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ကော့ကရိတ်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းကိုခိုင်နှင့် မွန်တိုင်းရင်းသား လူမျိုးလွှတ်တော် မဲဆန္ဒနယ်ကိုယ်စားလှယ် ဦးမင်းတင်ဝင်းတို့က အသီးသီးဆွေးနွေးခဲ့ကြသည်။


ထို့နောက် ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာကို ကော်မတီ အတွင်းရေးမှူး ဦးစောစံလှညိုက လည်းကောင်း၊ ပြည်နယ်လွှတ်တော်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များနှင့် တိုင်ကြားစာ၊   အသနားခံစာဆိုင်ရာ စိစစ်ရေးကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာကို ကော်မတီအဖွဲ့ဝင် ဒေါ်နန်းဝင်းဝါဝါထွန်း ကလည်းကောင်း၊ ပြည်နယ် လွှတ်တော် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စိစစ်အကြံပြုရေးကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာကို ကော်မတီအတွင်းရေးမှူး ဦးစောသန်းထွဋ်က လည်းကောင်း၊ ပြည်နယ်လွှတ်တော် တိုင်းရင်းသား လူမျိုးများအရေးဆိုင်ရာကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာကို ကော်မတီအတွင်းရေးမှူး ဦးစောမြထွန်းက လည်းကောင်း၊ ပြည်နယ်လွှတ်တော် စည်ပင်သာယာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့် စီးပွားရေးကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာကို ကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်အောင်က လည်းကောင်းပြည်နယ်လွှတ်တော်သို့ တင်ပြခဲ့ပြီးယင်းနှစ်ပတ်လည်အစီရင်ခံစာတို့နှင့် စပ်လျဉ်း၍ မှတ်တမ်းတင်ရန် ပြည်နယ်လွှတ်တော်၏ သဘောထားရယူခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ က ကန့်ကွက်မှုမရှိ သဘောတူညီကြသည့်အတွက် အဆိုပါကော်မတီအသီးသီး၏ နှစ်ပတ်လည် အစီရင် ခံစာတို့အား ပြည်နယ်လွှတ်တော်မှ မှတ်တမ်းတင်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့ကြောင်း သိရသည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)