နေပြည်တော် ၄ ဇူလိုင်
လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၃/၂၀၁၉) ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဒုတိယအကြိမ် လွှတ်တော်အသီးသီး၏ (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးများကို ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁၅ ရက်တွင် စတင်ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ယင်းလွှတ်တော် အစည်းအဝေးများတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်း ဥပဒေကြမ်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းတို့ကို ဆွေးနွေးအတည်ပြု ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထို့အပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေးကိစ္စရပ်များ ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး လွှတ်တော်အသီးသီးတွင် ဆောင်ရွက်နေဆဲဖြစ်သည့် ဥပဒေကြမ်းနှင့် အခြားသော လွှတ်တော်ဆိုင်ရာ လုပ်ငန်းများကို ဦးစားပေးအလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများအနေဖြင့် လုပ်ငန်းတာဝန်အလိုက် လိုအပ်ချက်များကို ဆွေးနွေးညှိနှိုင်းပြီး ပေါင်းစပ်ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ဒုတိယအကြိမ် လွှတ်တော်ပုံမှန်အစည်းအဝေးများကို ပထမအကြိမ်မှ (၁၂)ကြိမ်မြောက်အထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီးဖြစ်၍ အတွေ့အကြုံများစွာရရှိခဲ့ကြောင်း၊ ယခင်အတွေ့အကြုံများအရ လိုအပ်ချက်များအပေါ် ဖြည့်စွက်၍ ယခုကျင်းပမည့် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို အောင်မြင်စွာကျင်းပနိုင်ရန် ဆက်လက်ဝိုင်းဝန်း ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်း ဝန်များနှင့် တာဝန်ရှိသူများက လုပ်ငန်းကော်မတီအလိုက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက က လုပ်ငန်းကော်မတီများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီ အတွင်းရေးမှူးများနှင့် လွှတ်တော်ရုံးအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်


