တနင်္သာရီ ၃၁ သြဂုတ်
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း သြဂုတ်လ(၂၇)ရက်မှစ၍ (ဒုတိယအကြိမ်) စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ပြီး တနင်္သာရီမြစ်ရေ ထပ်မံကြီးနေမှုကြောင့် အခြေခံပညာကျောင်းလေးကျောင်းအား ယနေ့သြဂုတ်လ(၃၁)ရက်နေ့ နံနက်ပိုင်းမှစ၍ (ဒုတိယအကြိမ်)ထပ်တိုး၍ ယာယီပိတ်လိုက်ရကြောင်း၊ သြဂုတ်လ(၃ဝ)ရက်နေ့ကလည်း ကျောင်း ခုနစ်ကျောင်း ပိတ်ခဲ့ရသဖြင့် ယနေ့အထိစုစုပေါင်း(၁၁)ကျောင်းကို ယာယီပိတ်လိုက်ရပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
အဆိုပါကျောင်းများအား ကျောင်းဝင်းအတွင်းနှင့် ကျောင်းသွားလမ်းများမှာ မြစ်ရေဝင်နေခြင်း၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် ကျောင်းသူ/ကျောင်းသားများ အန္တရာယ်မဖြစ်ပွားစေရန်အတွက် ယာယီပိတ်ခဲ့ရခြင်းဖြစ်ကြောင်း၊ ယနေ့နောက်တိုး ထပ်ပိတ်ရသည့် ကျောင်းများမှာ-အထက-ဇဝဲကျေးရွာ၊ အလက(ခွဲ)ပဝချောင်းထဲရွာ၊ (မူလွန်)သာယာကုန်းရွာနှင့် အမက-သက္ကယ်ကျော်ရွာတို့ဖြစ်ကြောင်း သိရသည်။
ယင်းကျောင်းများ၏ ယာယီပိတ်ရက်များကို စနေ/တနင်္ဂနွေ/ အဖိတ်နေ့များတွင် အစားထိုး၍ ပြန်လည်ဖွင့်လှစ်သင်ကြား ပေးသွားရန် စီစဉ်ထားရှိကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်မင်းယု က ပြောသည်။
သတင်း- နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)


