မော်လမြိုင် ၂၈ ဩဂုတ်
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို ဩဂုတ် ၂၈ ရက်နေ့ နံနက် ၁၀ နာရီက မော်လမြိုင်မွန်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့တို့က ကြယ်ပွင့်ပြ မေးခွန်းဖြစ်သော မြေယာကိစ္စနှင့် ပတ်သက်၍ မေးမြန်းရာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြန်လည်ဖြေကြားပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ကြယ်ပွင့်ပြ မေးခွန်းဖြစ်သော SMD ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသော ရေနက်ဆိပ်ကမ်းနှင့် SEZ စီမံကိန်းနှင့် ပတ်သက်၍ လွှတ်တော်တွင် အတည်ပြုချက်ရယူသည့် ကိစ္စရပ်များအား မေးမြန်းရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော် က ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဏာနှစ်၊ မွန်ပြည်နယ်ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း တင်သွင်းခြင်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော် က တင်သွင်းပြီး မွန်ပြည်နယ် လွှတ်တော်ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့က သုံးသပ်ချက်အစီရင်ခံစာ တင်သွင်းပြခြင်းတို့ကို မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ပြည်နယ်လွှတ်တော်ရုံး ညွှန်ကြားရေးမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ မွန်ပြည်နယ်လွှတ်တော်၊ ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာကို အမည်စာရင်းတင်သွင်းထားသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်၊ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်တို့က ထောက်ခံဆွေးနွေးခြင်းအပေါ်၊ ၎င်းကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သူက ပြန်လည် ရှင်းလင်းပြောကြားပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်တွင် မှတ်တမ်းထားရှိ မည်ဖြစ်ကြောင်း ကြေညာသည်။
ထို့နောက် မွန်ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ရပ်နားခဲ့ပြီး ဩဂုတ် ၃၁ ရက်နေ့ နံနက် ၁၀ နာရီတွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
စမ်းစမ်းနွယ်


