မိုးညှင်း    ၇     ဇူလိုင် 

 

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ် ကာလအတွင်း နိုင်ငံတစ်ဝန်းလုံးရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများကို နိုင်ငံတော်အစိုးရအနေဖြင့် ထောက်ပံ့မှုများပေးလျက်ရှိရာ မိုးညှင်းမြို့နယ်အတွင်း ဒုတိ ယအကြိမ်ထောက်ပံ့မှုအဖြစ် အိမ်ထောင်စု ၁၀၈၄ စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် (၁၅၀၀၀) နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၂၇၀၆၀၀၀၀ ကို ယနေ့နံနက်ပိုင်းမှစ၍ ရပ်ကွက်/ကျေးရွာအုပ်စုများ အလိုက် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။ 

 

ထောက်ပံ့ငွေ ပေးအပ်ရာတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးဦးကျော်ကျော်ဝင်းနှင့် တာဝန်ရှိသူများသည် ရွာသစ်ကုန်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင်လည်းကောင်း၊ အောင်သပြေရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး တွင်လည်းကောင်း၊ ဟဲလုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင်လည်းကောင်း  ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုဝင်များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 


မိုးညှင်းမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများကို ပထမအကြိမ် ထောက်ပံ့မှုအနေဖြင့် ရိက္ခာ(၅)မျိုးကို အိမ်ထောင်စု ၇၆၇၀ အတွက် ထောက်ပံ့ပေးနိုင်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ပထမအကြိမ်အတွင်း ထောက်ပံ့ပေးအပ်ရန် ကျန်ရှိခဲ့သည့် မိသားစုဝင်များအား ယခုဒုတိယအကြိမ်အနေဖြင့် ထောက်ပံ့ပေးခြင်းဖြစ်သည်။

 

အဆိုပါ ထောက်ပံ့ငွေများကို ယခုလ ၁ရက်နေ့တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးက မိုးညှင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စု (၂၈)စုမှ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် မြို့နယ်အုပ်ရေးမှူးနှင့် တာဝန်ရှိသူများထံ ထောက်ပံငွေများ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ယနေ့ဇူလိုင် ၇ ရက်နေ့မှ ရပ်ကွက်/ကျေးရွာများရှိ အိမ်ထောင်စုများအလိုက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

ကျော်ကျော်ထွေး(မိုးညှင်း)