နေပြည်တော် ၂၆  ဇူလိုင် 


ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက ကော်မရှင်၏ ၂၀၁၈ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းစီ၏ ဆွေးနွေးချက်၊ အကြံပြုချက်များအပေါ် ကော်မရှင်အနေဖြင့် ဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက် ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး ကော်မရှင်၏ ၂၀၁၈ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာကို လွှတ်တော်က မှတ်တမ်းတင်ပေးပါရန် ပြောကြားသည်။ 


ပြည်ထောင်စုလွှတ်တော်နာယကက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ၂၀၁၈ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်၊ အကြံပြုချက်များနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်၏ ရှင်းလင်းပြောကြားချက်များကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။ 


ထို့နောက် နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော Memorandum of Understanding on the Improvement of Safety Standards and Inspection for Non-Convention Ships Within ASEAN Member States တွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မဲဆန္ဒနယ်မှ ဦးမြစိန်က အာဆီယံဒေသတွင်းနိုင်ငံများအနေဖြင့် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် မူဝါဒများကိုပေါင်းစပ်၍ ဒေသတွင်းသွားလာခုတ် မောင်းလျက်ရှိ သည့် IMO Convention များကို လိုက်နာရန်မလိုအပ်သည့် သင်္ဘောများ၏ အန္တရာယ်ကင်းရှင်းရေးနှင့် မတော် တဆထိခိုက်မှုများကြောင့် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများမှ ကာကွယ်တားဆီးရေးတို့အတွက် စည်းမျဉ်းစည်းကမ်းများ၊ စံနှုန်းများသတ်မှတ်၍ ရေယာဉ်များကို တိုင်းတာစစ်ဆေးခြင်း အန္တရယ်ကင်း ရှင်းကြောင်း လက်မှတ်ထုတ်ပေးခြင်းများ ဆောင်ရွက်ရန် သဘောတူညီချက်များကို အဆိုပါ နားလည်မှုစာချွန်လွှာတွင် ထည့်သွင်းထားသည့်အတွက် အာဆီယံစီးပွားရေးအသိုက်အဝန်း၏ မျှော်မှန်းချက်များနှင့်အညီ အာဆီယံဒေသတွင်း လွတ်လပ်သောကုန်စည်စီးဆင်းမှုနှင့် သွားလာမှု တို့ကို ရေကြောင်းလမ်းမှတစ်ဆင့် တိုးမြှင့်ဆောင်ရွက်နိုင်မည့်အပြင် အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်သော မြန်မာနိုင်ငံအနေဖြင့်လည်း လက်မှတ်ရေးထိုးရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။


ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမောင်မောင်အုန်းက ထောက်ခံအကြံပြု ဆွေးနွေးသည်။


ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို ဝန်ကြီးဌာနအနေဖြင့် အလေးထားဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ Memorandum of Understanding on the Improvement of Safety Standards and Inspection for Non-Convention Ships Within ASEAN Member States တွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးကိစ္စကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးပါရန် ရှင်းလင်းပြောကြားသည်။


ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကက အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ အတည်ပြုရန် လွှတ်တော်၏ သဘောထားကိုရယူရာ သဘောမတူသူ မရှိသည့်အတွက် Memorandum of Understanding on the Improvement of Safety Standards and Inspection for Non-Convention Ships Within ASEAN Member States တွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုး နိုင်ရေးကိစ္စကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။  
  

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော  The Protocol of 1988 relating to the International Convention  on Load Lines, 1966(LLPROT 1988) တွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးနှင့်စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမောင် မောင်အုန်းက  Protocol ဆိုသည့် နောက်ဆက်တွဲသဘောတူစာချုပ်အား လက်မှတ်ထိုးထားမှု ရှိခြင်းကြောင့် မြန်မာသင်္ဘောများ ပြည်ပဆိပ်ကမ်းများသို့ ဆိုက်ရောက်စဉ် ကြုံတွေ့ရမည့် အခက် အခဲများ နည်းပါးပပျောက် သွားနိုင်ပါကြောင်း၊ "Inspection စစ်ဆေးခံယူခြင်း၊ Certification  လက်မှတ်ထုတ်ပေးခြင်းတို့ကို အခြားသော Convention သဘောတူညီချက်များနှင့်အတူ တပြေးညီ ချိတ်ဆက်ဆောင်ရွက် နိုင်သော  HSSC (Harmonized System of Survey and Certification) စနစ်ကို လိုက်နာကျင့်သုံးနေခြင်းကို ပေါ်လွင်စေရန်ဖြစ်ပါကြောင်း။


တစ်ခုထက်မက တပြိုင်နက်စစ်ဆေးနိုင်ခြင်း၊ ကုန်ကျစရိတ်သက်ခြင်း အချိန်သက်သာကာ လုပ်ငန်းပြီးမြောက် မြန်ဆန်ခြင်း၊ နိုင်ငံတကာစံချိန်ညီကာ ဆိပ်ကမ်းများ၏ စစ်ဆေးချိန် သက်သာခြင်း စသည့် အကျိုးကျေးဇူးများရရှိကာ အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ချုပ်မှ စေလွှတ်သော IMSAS Audit စစ်ဆေးတွေ့ရှိချက်ကို ဆောင်ရွက်ပြီးစီးခြင်းကိုလည်း တစ်ပြိုင်နက်တည်း ပါဝင်စေပါကြောင်း၊ သို့ဖြစ်ပါ၍  1988 Load Line Protocol အား မြန်မာနိုင်ငံအနေဖြင့် လက်မှတ် ရေးထိုးသင့်ကြောင်း ဆွေးနွေးသည်။
 

ဆက်လက်၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မဲဆန္ဒနယ်မှ ဦးမြစိန်နှင့် ဆိပ်ကမ်းမဲဆန္ဒနယ်မှ ဦးတင် မောင်ဝင်းတို့က ထောက်ခံအကြံပြု ဆွေးနွေးကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ကိုယ်စားလှယ်များ၏ ဆွေးနွေးချက် များကို ဝန်ကြီးဌာနအနေဖြင့် အလေးထားဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ The Protocol of 1988 relating to the International Convention  on Load Lines,1966 (LLPROT1988)တွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးကိစ္စကို ပြည်ထောင်စု လွှတ်တော် က အတည်ပြုပေးပါရန် ရှင်းလင်းပြောကြားသည်။


ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကက အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ အတည်ပြုရန် လွှတ်တော်၏ သဘောထားကိုရယူရာ သဘောမတူသူမရှိသည့်အတွက် The Protocol of 1988 relating to the International Convention  on Load Lines, 1966(LLPROT 1988) တွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။


ထို့နောက် ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက လွှတ် တော်နှစ်ရပ်သဘောကွဲလွဲသော “မြန်မာ့ဆက်သွယ်ရေးကော်ပိုရေးရှင်းဥပဒေကြမ်း”နှင့်စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန်  အဆိုတင်သွင်းရာ ပြည်ထောင်စုလွှတ်တော် နာယကက တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ သဘောထားရယူအတည်ပြုပြီး အထက်ပါဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က အတည်ပြုခဲ့သည့် အပိုဒ်၊ အပိုဒ်ခွဲ များကို လွှတ်တော်နှစ်ရပ် အတည်ပြုချက်များအတိုင်းလည်းကောင်း၊ လွှတ်တော်နှစ်ရပ် သဘောကွဲ လွဲသည့် အပိုဒ်၊ အပိုဒ်ခွဲများကို ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်များအတိုင်းလည်း ကောင်း ပြန်လည်ပြင်ဆင်၍ ပြည်ထောင်စုလွှတ်တော် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။


ယင်းနောက် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ ၆ လတာ ကာလ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာနှင့်စပ်လျဉ်း၍ အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချိုက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က လွှဲပြောင်းပေးပို့သည့် အမှု (၆) မှုကို စိစစ်ဆောင်ရွက် ပေးရသည့်ကိစ္စနှင့်ပတ်သက်ပြီး အကြံပြုလိုပါကြောင်း၊ ယနေ့ အချို့ဒေသများတွင် တိုက်ပွဲများ အဆုံးမသတ်နိုင်၍ မမြင်ကွယ်ရာတွင် လူ့အခွင့်အရေးနှင့် အခြားကိစ္စများ၌ မတရားခံရမှုများ ရှိနေနိုင်ပါကြောင်း၊ ယင်းတို့ကို ယ္ခုကဲ့သို့အဖွဲ့အစည်းတစ်ရပ်ရပ်က အကြောင်းကြားလာမှ အမှု စိစစ်ဆောင်ရွက်ပေးရမှုထက် မီဒီယာများ အခြားသတင်းအချက်အလက်များအရ သိသိခြင်း အကူ အညီပေးနိုင်ရန် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှ လမ်းညွှန်အကြောင်း ကြားပြီး ကွင်းဆင်းဆောင်ရွက်မှုများ အချက်အလက်စုစည်းမှုများ လုပ်ပေးခြင်း အားဖြင့် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများ ပေးနိုင်သည့်အဖွဲ့အစည်းအဖြစ် အဖွဲ့၏ လုပ်ငန်း ပုံရိပ် ပိုမိုတိုးတက်လာနိုင်သောကြောင့် ယင်းကိုအကြံပြုလိုပါကြောင်း။


ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအနေနှင့်လည်းကောင်း၊ တည်ဆဲအခြားပြဋ္ဌာန်းထား သည့်  အထူးဥပဒေများနှင့်လည်းကောင်း၊ ပြည်သူလူထုသိရှိနားလည်အောင် အသိပညာပေးခြင်း လုပ်ငန်းများကို အသီးသီးတာဝန်များခွဲဝေပြီး ကျေးရွာအုပ်စုများအထိ ဆွေးနွေးမှုများပြုလုပ်ကာ ဥပဒေဆိုင် ရာအသိပညာပေးကိစ္စများကို ကွင်းဆင်းဆောင်ရွက်ပေးနေသည်ကိုလည်း ကျေနပ်စွာ တွေ့ရှိရသည့်အတွက် အချိန်တိုအတွင်း မနိုင်ဝန်များထမ်းဆောင်ပြီး ကြိုးစားလုပ်ဆောင် နေသည်ကို ကြိုဆိုပါကြောင်း၊ သို့ရာတွင် ပိုပြီး ထိရောက်လွယ်ကူစွာ လုပ်ငန်းများဆောင်ရွက်ရန် ဝေးလံသော ဒေသများသို့ သွားရောက်ရှင်းလင်းခြင်းထက် အမှုရင်ဆိုင်ဖြစ်ပွားရာ အချုပ်ခန်း ၊ တရားရုံး များနှင့် မလှမ်းမကမ်း နားခိုစောင့်ဆိုင်းရာနေများ၌ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ၊ ကြေငြာဆိုင်းဘုတ်ဖြင့် အသိပေးခြင်း၊ အကူညီလိုပါက မည်သူ့ထံ မည်သို့ ဆက်သွယ်ပါ စသည့်သတင်းပေးစကား ဖြန့်ဝေခြင်း၊  ရှင်းလင်းခြင်း၊ ပြန့်ပွားအောင်လုပ်ဆောင်အသိပေးခြင်းတို့ကို မြို့နယ်တိုင်းတွင်း ဆောင်ရွက်နိုင်ပါက နည်းနည်းနှင့် ကျဲကျဲဝိုင်းနိုင်ပြီး ယခုထက်ပိုမို ကူညီပံ့ပိုးပေးနိုင်မည်ဖြစ်ပါ ကြောင်း အကြံပြု ဆွေးနွေးသည်။


ဆက်လက်၍ မင်းလှမဲဆန္ဒနယ်မှ ဦးကျော်ကြီး(ခေါ်)ဦးအုန်းခင်၊ တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဦးမင်းသိန်း၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ နော်ခရစ္စထွန်း(ခေါ်) ဒေါက်တာအာကာမိုး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀) နော်လှလှစိုး၊ ချမ်းအေးသာဇံ မဲဆန္ဒနယ်မှ ဦးမျိုးနိုင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅) ဦးတင်အောင်ထွန်းနှင့် စလင်းမဲဆန္ဒနယ်မှ ဦးကံဦးတို့က ဆွေးနွေးကြသည်။


ပြည်ထောင်စုလွှတ်တော် နာယကက ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စား လှယ်များ၏ ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာ အဖွဲ့က ပြန်လည်ရှင်းလင်းခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်း အစီအစဉ်များကို အစည်းအဝေး ဆဋ္ဌမနေ့တွင် ဆောင်ရွက်ရန်လျာထားကြောင်း ကြေညာပြီး အစည်းအဝေးကို ရပ်နားလိုက်သည်။


သတင်း- မော်စီ၊ မွှေးကြူဇင်
ဓာတ်ပုံ-ထန်းဖုန်

 

 

1