ရန်ကုန် ၄ စက်တင်ဘာ
ဒုတိယအကြိမ်မြောက် COVID-19 ချေးငွေအဖြစ် ပြည်တွင်း SMEs လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများကို ကျပ်ဘီလီယံ ၁၀ဝ ထုတ်ချေး ပေးနိုင်ရေး အတွက်ပထမအသုတ် ချေးငွေ ထုတ်ယူရန် ယခုလာမည့်စက်တင်ဘာ ဒုတိယပတ်တွင် ထုတ်ပြန်ကြေညာပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်စက်မှု အသင်းချုပ်(UMFCCI) ကိုဗစ် ချေးငွေ စိစစ်ရေး ကော်မတီအဖွဲ့မှ သိရသည်။
" ချေးငွေကတော့ ဒုတိယအကြိမ်ရဲ့ ပထမအသုတ်ကို အစောဆုံးစက်တင်ဘာလ ဒုတိယပတ် လောက်မှာ ထုတ်ပြန်ကြေညာ ပေးနိုင်လိမ့်မယ်လို့ မှန်းတယ်။ ပြီးရင် လုပ်ငန်းရှင်က ချေးငွေခွင့်ပြုတဲ့ စာအုပ်တွေ လာထုတ်မယ်ပြီးရင် သက်ဆိုင်ရာ ဘဏ်နဲ့ချိန်ဆက်ပြီးစာချုပ်ကာငွေထုတ်ရုံပါပဲ။ ကိုဗစ်က အခုဒီကာလမှာ ပြည်တွင်းပိုးတွေ့လူနာတွေဖြစ်ပွားလာတာ တွေ့ရတော့ လူတွေကလည်း ကြောက် လာကြတယ်။ဒီအတွက် ဒီရက်ပိုင်းတွေမှာ အရောင်းအဝယ်တွေက အတော်ကို လျော့ကျ သွားတယ်။ ဒီလိုဖြစ်နေတဲ့ အပေါ်မှာ ကျွန်တော်တို့ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) အနေနဲ့ကလည်း COVID-19 ချေးငွေတွေကို အမြန်ဆုံးဆိုသလို အပြင်ကို ရောက်အောင် ထုတ်ချေးပေးနိုင်အောင် စိစစ်မှုတွေမြန်မြန်ဆန်ဆန်နဲ့ ကြိုးစားဆောင်ရွက်နေပါတယ်" ဟု ကုန်သည်စက်မှု အသင်းချုပ် (UMFCCI)အထွေထွေ အတွင်းရေးမှုးချုပ် ဦးအေးဝင်းထံက သိရသည်။
ယခုအခါတွင် ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်စက်မှုအသင်းချုပ်(UMFCCI)ပထမထပ်တွင် COVID-19 ချေးငွေ ဒုတိယအကြိမ်၏ ပထမအသုတ် ချေးငွေထုတ်ချေးပေးနိုင်ရေးအတွက် နိုင်ငံနှင့် တစ်ဝန်းမှ လျှောက်ထားလာသော ချေးငွေလျှောက်လွှာများကို သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ UMFCCI အသင်းချုပ်လက်အောက်ခံ ညီနောင်အသင်းများမှ အဖွဲ့ဝင်များ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှ တာဝန်ရှိသူများပါဝင်သော ကိုဗစ်ချေးငွေ ထုတ်ချေးပေးနိုင်ရေး စိစစ်ရေးပူးပေါင်း အဖွဲ့ဝင်များက ရန်ကုန်တိုင်း ဒေသကြီးအပါဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ကြီးများရှိ ကုန်သည်စက်မှုအသင်းချုပ်များမှပေးပို့လာသော လျှောက်လွှာ များကို လက်ခံစိစစ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး မြန်ဆန်စွာထူတ်ချေးပေးနိုင်ရေးကို စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချေးငွေ ဒုတိယအကြိမ် စိစစ်ရေးအဖွဲ့၏ စိစစ်ရွေးချယ်မှုလျောက်လွှာများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ လုပ်ငန်းရှင်များမှ လျှောက်လွှာ ၇၆၀ဝ၀ ကျော် ၊ UMFCCI အသင်းချုပ်သို့ လျှောက်လွှာ ၁၅၀ဝ ကျော်၊ Online မှ လျှောက်လွှာ ၈၀ဝ ကျော် အပါအဝင် စုစုပေါင်း လျှောက်လွှာ ၁၀ဝ၀ဝ ကျော်ကို လက်ခံရရှိပြီး စိစစ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ထုတ်ချေးပေးရာတွင် ပြည်တွင်းစီးပွားရေး ဘဏ်များအပြင် ပြည်တွင်း ပုဂ္ဂလိကဘဏ် (၈)ခုရှိရာ မိမိတို့သက်ဆိုင်ရာ မြို့နယ်များတွင် စာချုပ်ချုပ်ဆိုပြီး ချေးငွေထုတ်ချေးနိုင်မည်ဖြစ်သည်။ အတိုးနှုန်းသည် ချေးငွေစုစုပေါင်း၏ တစ်ရာခိုင်နှုန်းသာ ပေးရမည်ဖြစ်ကြောင်း ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) မှ သိရသည်။
သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓာတ်ပုံ-မျိုးကြီး


