ရန်ကုန် ၁၄ ဩဂုတ်
ကိုဗစ်-၁၉ သက်ရောက်မှုကြောင့် ထိခိုက်မှုရှိနေသော စီးပွားရေးလုပ်ငန်းများအတွက် နိုင်ငံတော်အစိုးရ၏ ဒုတိယအကြိမ်မြောက် ကိုဗစ်-၁၉ ချေးငွေထုတ်ပေးရာတွင် ပုဂ္ဂလိကဘဏ်များနှင့်ပါ ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်မှု လုပ်ငန်းရှင်များအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဉီးအေးဝင်းက ပြောကြားသည်။
“ချေးငွေနဲ့ပတ်သက်ပြီး ပြောင်းလဲမှုအနေနဲ့ စာချုပ်ချုပ်ပြီးချေးငွေကို ထုတ်ပေးတဲ့အခါမှာ ပထမအကြိမ်က မြန်မာ့စီးပွားရေးဘဏ်ကပဲ ထုတ်ရတာရှိတယ်။ ဒီတစ်ခေါက်တော့ ပုဂ္ဂလိကဘဏ်တွေပါ ပါဝင်ဆောင်ရွက်မယ်ဆိုတဲ့ အနေအထားတစ်ခုကို ပြောင်းထားပါတယ်။ ဒါကလည်း ချေးငွေထုတ်ပေးတဲ့အခါမှာ မြန်ဆန်အောင် ဘဏ်ကိုခွဲလိုက်တဲ့ သဘောမျိုးပါ” ဟု ဉီးအေးဝင်းက ပြောကြားသည်။
နိုင်ငံတော်အစိုးရ၏ ဒုတိယအကြိမ်မြောက် ကိုဗစ်-၁၉ ချေးငွေ ကျပ်ဘီလီယံ ၁၀၀ အတွက် ကုန်သည်စက်မှု အသင်းချုပ်တွင် လျောက်လွှာပေါင်း တစ်သောင်းကျော် လက်ခံရရှိထားပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့်သက်ဆိုင်သည့် လျောက်လွှာများမှာ ၇၅ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း စားသောက်ကုန်လုပ်ငန်းများနှင့် သွင်းကုန်အစားထိုးလုပ်ငန်းများမှ လျှောက်ထားမှု ပိုမိုများပြားကြောင်း သိရသည်။
ချေးငွေများ ထုတ်ချေးရာတွင် စိုက်ပျိုးမွေးမြူရေးနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းများ၊ ပြည်ပပို့ ကုန်ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ သွင်းကုန်အစားထိုးပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ၊ ပြည်တွင်းထုတ်လုပ်မှုမှ ပြည်ပတင်ပို့သည့်အထိ ထုတ်လုပ်မှုကွင်းဆက်တစ်လျောက် ပါဝင်ဆောင်ရွက်သည့် လုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများ၊ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများကို ဦးစားပေးလုပ်ငန်းကဏ္ဍများအဖြစ် သတ်မှတ်ထုတ်ချေးမည်ဖြစ်ကြောင်း သိရသည်။
ချေးငွေလျောက်လွှာများကို ဇူလိုင်လ ၂၉ ရက်နေ့မှ ဩဂုတ်လ ၁၀ ရက်နေ့အထိ လက်ခံပေးခဲ့ပြီး စာရွက်စာ တမ်းပြည့်စုံမှု၊ ချေးငွေပြန်ဆပ်နိုင်မှုတို့ပေါ် မူတည်ကာ ချေးငွေများ ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ကုန်သည်စက်မှုအသင်းချုပ်၌ လျှောက်လွှာများ စိစစ်ဆောင်ရွက်ဆဲဖြစ်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ကုန်သည်စက်မှုအသင်းချုပ်