နေပြည်တော် ဖေဖေါ်ဝါရီ ၂၉
ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်း အမှတ်စဉ်(၃၂) သင်တန်းဆင်းပွဲနှင့် တရားသူကြီး တာဝန်ပေးအပ်လွှာများအပ်နှင်းခြင်း၊ ကျမ်းသစ္စာပြုခြင်း အခမ်း အနားကို ယနေ့နံနက် ၈ နာရီတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားရေးကောလိပ်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု တရားသူကြီးချုပ် တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ ထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်း ဒုတိယမြို့နယ် တရားသူကြီးများ တက်ရောက်ကြသည်။
ထို့နောက် ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်း အမှတ်စဉ်(၃၂)တွင် ကင်းဝန် အသင်းဆုရရှိသူ သင်တန်းသူ ဒေါ်ဇေဇေဝါလေးအား ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးခင်မောင်ကြီးကလည်းကောင်း၊ ယောအသင်းဆုရရှိသူ သင်တန်းသူ ဒေါ်ခင်မျိုး ချစ်အား ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးကြည်သိန်း ကလည်းကောင်း၊ ဦးမေအောင် အသင်းဆုရရှိသူ သင်တန်းသား ဦးရဲထက်အား ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးမောင် ကလည်းကောင်း၊ ဒေါက်တာဘဦးအသင်း ဆုရရှိသူ သင်တန်းသူ ဒေါ်သက်ထားအောင်အား ပြည်ထောင်စုတရား လွှတ်တော်ချုပ်တရားသူကြီး ဦးမျိုးတင့်က လည်းကောင်း၊ ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်း အမှတ်စဉ် (၃၂)တွင် စံပြဆုရရှိသူ သင်တန်းသူ ဒေါ်ဂျူးဂျူးစံအား ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက လည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့် ကြသည်။
ယင်းနောက် ပြည်ထောင်စုတရားသူကြီးချုပ်က အသစ်ခန့်ထားသည့် ဒုတိယမြို့နယ် တရားသူကြီး များကို သက်ဆိုင်ရာမြို့နယ်တရားရုံးများတွင် တာဝန်ထမ်းဆောင်ရန် တာဝန်ပေးအပ်လွှာများ အပ်နှင်းရာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား ဒုတိယ မြို့နယ်တရားသူကြီး ဦးမျိုးသီဟဇော် ကလက်ခံရယူပြီး ဒုတိယမြို့နယ်တရားသူကြီးများအဖြစ် စတင်တာဝန်ထမ်းဆောင်မည့် တရားရေး အရာရှိ (၈၀)တို့က ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ရှေ့မှောက်တွင် ကျမ်းသစ္စာပြုကြခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)