နေပြည်တော် ၂၅ မေ 


အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်)သို့ လာရောက်ကြည့်ရှုလေ့လာကြသည့် အများပြည်သူများ ကြည်နူးပျော်ရွှင်စွာ အပန်းဖြေစေနိုင်ရန်အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက   တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု ယိမ်းအကများ၊ ပဒေသာယိမ်းအကများနှင့် အငြိမ့်တို့ဖြင့် ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်) ၌ ဖျော်ဖြေတင်ဆက်ရာ  ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ကြည့်ရှု အားပေးသည်။

1


ဖျော်ဖြေတင်ဆက်ပွဲသို့  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ သူရဦးအောင်ကိုနှင့် နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ဦးကြည်မင်းနှင့် ဦးလှမော်ဦး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်သို့ လာရောက်လည်ပတ်ကြသည့် ဝန်ထမ်းမိသားစုများနှင့် အနယ်နယ်အရပ်ရပ်မှ ပြည်သူများ  တခဲနက်ကြည့်ရှုအားပေးကြသည်။

1


ရှေးဦးစွာ ကပြဖျော်ဖြေပွဲအစီအစဉ်အရ ကချင်တိုင်းရင်းသား ၆ ဦးနှင့် ကချင်တိုင်းရင်းသူ ၆ ဦးတို့က ကချင်ပြည်နယ်သို့ လာရောက်ရန်ဖိတ်ခေါ်သော တေးသရုပ်ဖော် ကချင်တိုင်းရင်းသားရိုးရာ အကအလှဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။


ထို့နောက် ကယားတိုင်းရင်းသူ ၈ ဦးက တေးသရုပ်ဖော် ရိုးရာအက၊ မင်္ဂလာ သုံးစုံတွဲ မြန်မာယိမ်းအက၊ ကရင်တိုင်းရင်းသား ၄ ဦးနှင့် ကရင်တိုင်းရင်းသူ ၄ ဦးတို့က သွက်လက်မြူးကြွသည့် ကရင်တိုင်းရင်းသားရိုးရာဒုံးအက၊ နှစ်ကိုယ့်တစ်စိတ် ရယ်ရွှင်ဖွယ် ဟာသအက၊ ကျေးလက်ဒေသ၏ ညနေဆည်းဆာအလှကို ဖော်ကျူးထားသည့် ချိန်ဆည်းဆာတို့တောရွာ ရေအိုးယိမ်းအက၊ ချင်းတိုင်းရင်းသား ၈ ဦးနှင့် ချင်းတိုင်းရင်းသူ ၈ ဦးတို့က ချင်းတိုင်းရင်းသားရိုးရာ ဝါးညှပ်အက၊ မွန်တိုင်းရင်းသားရိုးရာ အကဖြစ်သည့် မွန်ဟင်္သာမောင်နှံအက၊ ရခိုင်တိုင်းရင်းသူ ၈ ဦးတို့က သာစွရခိုင် တေးသရုပ်ဖော် ရခိုင်တိုင်းရင်းသားရိုးရာအက၊ ရှမ်းတိုင်းရင်းသား ၄ ဦးနှင့် ရှမ်းတိုင်းရင်းသူ ၁၂ ဦးတို့က ရှမ်းရိုးမကအိုးစည်သံ တေးသရုပ်ဖော် ရှမ်းတိုင်းရင်းသား ရိုးရာအက၊ ခေါင်းဆောင်မင်းသမီး ငုဖူးငယ် ဦးဆောင်သည့် ရွှေမြန်မာအငြိမ့် ပဒေသာအစီအစဉ်နှင့် ပြည်ထောင်စုသား တေးသရုပ်ဖော် အဖွဲ့လိုက် အကတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။


ဖျော်ဖြေပွဲအပြီးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဖျော်ဖြေတင်ဆက် ကြသည့် အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်းပေးအပ်ပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

1


ယင်းနောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဖျော်ဖြေတင်ဆက်ကြသည့် အနုပညာရှင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်သည်။


သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်) ၌ ဖျော်ဖြေတင်ဆက်သည့် အစီအစဉ်များကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က လည်းကောင်း၊ အမျိုးသားအထိမ်း အမှတ်ဥယျာဉ်(နေပြည်တော်)၏ (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သည့် ဖေဖော်ဝါရီ ၁၁ ရက်က လည်းကောင်း၊ မေ ၁၉ ရက်က လည်းကောင်း၊ သြဂုတ် ၂၅ ရက်က  လည်းကောင်း၊ နိုဝင်ဘာ ၁၇ ရက်က လည်းကောင်း တိုင်းရင်းသားရိုးရာယိမ်းအကများ၊ တေးသံသာများ၊ မျက်လှည့်အစီအစဉ်များ၊ ပဒေသာယိမ်းအကများ၊ ဟာသတစ်ခန်းရပ်များဖြင့်  ပြည်သူများအား ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

1


အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်) ၌ ဖျော်ဖြေတင်ဆက်သည့် အစီအစဉ်များကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှစ၍ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များက လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများနှင့် ငြိမ်းချမ်းရေးဂီတပွဲတော် တေးသီချင်းပြိုင်ပွဲဆုရ တေးသံရှင်များက လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ ဝန်ထမ်းများနှင့် အနုပညာရှင်များကလည်းကောင်း တစ်လလျှင်တစ်ကြိမ် အလှည့်ကျ ဖျော်ဖြေတင်ဆက်ခဲ့ကြရာ ယခုအချိန်တွင် ဝန်ကြီးဌာနတစ်ခုလျှင် ၆ ကြိမ်တိုင်တိုင် ကပြဖျော်ဖြေခဲ့ပြီးဖြစ်ကြောင်း သိရသည်။


အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်)အား  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ဖြစ်တည်လာပုံ သမိုင်းအဆင့်ဆင့်ကို အကျဉ်းချုပ်သိရှိနိုင်ရန်၊ ပြည်ထောင်စုတစ်ဝန်းရှိ တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု အမွေအနှစ်များ၊ ဓလေ့ထုံးစံများ၊ နေထိုင်စားသောက်ပုံများ၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝအလှရှုခင်းများကို တစ်နေရာတည်းတွင် တစ်စုတစ်ဝေးတည်း ကြည့်ရှုလေ့လာနိုင်ပြီး မျိုးချစ်စိတ် ရှင်သန်ထက်မြက်စေရန်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ရည်ရွယ်ချက်များဖြင့် တည်ဆောက်ခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်