နေပြည်တော် ၁ စက်တင်ဘာ

 

ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်း ဦးဆောင်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်း ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်း ဦးဆောင်ကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်နှင့် ဦးဟန်ဇော်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်များဖြစ်ကြသည့် ဦးဖြိုးမင်းသိန်းနှင့် ဦးဝင်းသိန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်ဝင်းနှင့် ဦးကျော်မျိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ဒုတိယသမ္မတက ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းများ လျင်မြန်ချောမွေ့စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံးက  ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်တွင် အမိန့်ကြော်ငြာစာအမှတ်(၃၁/၂၀၂၀) ဖြင့် ဦးဆောင်ကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ယခင်ဖွဲ့စည်းခဲ့သည့် ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင်ကျင်းပခဲ့ပြီး ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းကို နိုင်ငံတော်စီမံကိန်းတစ်ရပ်အဖြစ် သတ်မှတ်ရန်၊ ညှိနှိုင်းမှုကော်မတီက HIA Myanmar Co. Ltd နှင့် စာချုပ်ချုပ်ဆိုနိုင်ရေး ဆက်လက်ဆွေးနွေးရန်၊ ဂျပန်နိုင်ငံမှ Official Development Assistance (ODA) ချေးငွေလျှောက်ထားနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများက ဆောင်ရွက်ရန်၊ စီမံကိန်းအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံ (Infrastructure) နှင့် အခြေခံလိုအပ်ချက် (Utilities) များ ပံ့ပိုးကူညီနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်တို့ကို ဆုံးဖြတ်ခဲ့ပါကြောင်း။

 

မြန်မာနိုင်ငံ၏ တိုးတက်ဖြစ်ထွန်းလာသည့် စီးပွားရေးကို အထောက်အကူဖြစ်စေရေးအတွက် အနာဂတ်တွင် နိုင်ငံတကာလေဆိပ်ကြီးတစ်ခု မဖြစ်မနေလိုအပ်ပါကြောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် မြေနေရာအနေအထားအရ လေယာဉ်ပြေးလမ်း အသစ်ထပ်မံ တည်ဆောက်၍ မရနိုင်တော့ခြင်း၊ လေယာဉ်ရပ်နားနေရာ အလုံအလောက်တိုးချဲ့နိုင်မှုမရှိခြင်းနှင့် Operation ဆောင်ရွက်ရာတွင် ကန့်သတ်ချက်များ ရှိနေခြင်းတို့ကြောင့် အဆိုပါလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်ပါကြောင်း။

 

စီမံကိန်းကို အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းပါဝင်သောပုံစံ (Public- Private-Partnership-PPP) ဖြင့် တင်ဒါခေါ်ယူခဲ့ရာ Yongnam - CAPE-JGC Consortium က တင်ဒါအောင်မြင်ခဲ့ပြီး Framework Agreement  လက်မှတ်ရေးထိုးကာ ဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်ခဲ့ပါကြောင်း၊ သို့သော် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်တွင် Framework Agreement  သက်တမ်းကုန်ဆုံးခဲ့သည့်အတွက် ဆွေးနွေးမှုများကို နှစ်ဦးနှစ်ဖက်သဘော တူညီမှုဖြင့် ရပ်ဆိုင်းခဲ့ရပါကြောင်း။

 

၂၀၁၈ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် ဂျပန်နိုင်ငံအစိုးရအနေဖြင့် ဟံသာဝတီလေဆိပ်စီမံကိန်းအတွက် (၁၀၀ ရာခိုင်နှုန်း) ODA ချေးငွေဖြင့် စီမံကိန်းတစ်ခုလုံး ခြုံငုံသုံးသပ်ပြီး ဆက်လက်ဆောင်ရွက်မည့်အစီအမံကို ဆွေးနွေးလိုကြောင်း ကမ်းလှမ်းလာသည့်အတွက် စီမံကိန်းကို ဂျပန်နိုင်ငံအစိုးရ၏ ODA ချေးငွေဖြင့် အကောင်အထည်ဖော်နိုင်ရေးJapan International Corporation Agency (JICA)၊ MLIT တို့နှင့် ဆက်လက်ဆွေးနွေးခဲ့ပါကြောင်း၊ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဂျပန်-မြန်မာ နှစ်နိုင်ငံကိုယ်စားလှယ်များပါဝင်သည့် စီမံကိန်း အကောင်အထည်ဖော်ရေး ပြင်ဆင်မှုကော်မတီကို ဖွဲ့စည်းခဲ့ပါကြောင်း၊ အဆိုပါ ကော်မတီအနေဖြင့် ညှိနှိုင်းမှုအစည်းအဝေးများကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအထိ (၁၁)ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်လေဆိပ်နှင့် ဟံသာဝတီလေဆိပ်၊ လေဆိပ်(၂)ခုလုံးကို ဂျပန်နိုင်ငံက လေဆိပ်ဆောင်ရွက်မည့်အဖွဲ့နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Operator အဖွဲ့တို့ ပူးပေါင်းဖွဲ့စည်းမည့် single entity ဖြင့်ဆောင်ရွက်နိုင်ရေး၊ လိုအပ်သော Infrastructure လုပ်ငန်းများ ကိုမြန်မာနိုင်ငံဘက်က ဖြည့်ဆည်းဆောင်ရွက်ပေးရေး၊ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်၏ Phase-1 ကို (၁)နှစ်ခရီးသည် (၈)သန်း ကိုင်တွယ်နိုင်မည့်လေဆိပ်အဖြစ် စတင်ဆောင်ရွက်နိုင်ရေးတို့ကို သဘောတူညီမှုရရှိခဲ့ပါကြောင်း၊ အဆိုပါစီမံကိန်းလုပ်ငန်းများကို ODA ချေးငွေဖြင့် ဆောင်ရွက်နိုင်ရေးအတွက် JICA က Feasibility Study ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ လေဆိပ်တည်ဆောက်ရေး ကုန်ကျစရိတ်ကို ဂျပန်နိုင်ငံမှ သက်သာသောအတိုးနှုန်းဖြင့် ODA ချေးငွေ အချိန်မီရရှိနိုင်ရေးအတွက် Feasibility Study Report သည်များစွာအရေးပါသည့်အတွက် သက်ဆိုင်ရာဌာနများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ လေဆိပ်တည်ဆောက်ရေးနှင့် တစ်ပြိုင်နက် မိမိတို့ မြန်မာနိုင်ငံဘက်က အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည့် Infrastructure လုပ်ငန်းများလည်း ပါဝင်သည့်အတွက် အဆိုပါလုပ်ငန်းများကို လျာထားသတ်မှတ်အချိန်အတွင်း အောင်မြင်စွာ အကောင်အထည်ဖော်ပြီးစီးနိုင်ရေးအတွက် ဆောင်ရွက်မည့် အစီအမံများကို ညှိနှိုင်းဆွေးနွေးကြရန် ယခုအစည်းအဝေးကို ခေါ်ယူကျင်းပရခြင်းဖြစ်ပါကြောင်း၊ တက်ရောက်လာကြသည့် ဦးဆောင်ကော်မတီဝင်များအနေဖြင့် မိမိတို့နှင့် သက်ဆိုင်သည့် ကဏ္ဍများအလိုက် အချိတ်အဆက်မိမိ အကောင်အထည်ဖော်နိုင်ရေး ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ထို့နောက် ကော်မတီဝင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေး စီမံကိန်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ဦးဆောင်ကော်မတီ တွဲဖက်အတွင်းရေးမှူး လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ထွန်းက နောက်ခံသမိုင်းနှင့် စီမံကိန်း စတင်ဆောင်ရွက်ခဲ့မှု အခြေအနေ၊ စီမံကိန်းတင်ဒါခေါ်ယူရွေးချယ်ခဲ့မှုနှင့် လက်ရှိဆောင်ရွက်နေမူ အခြေအနေ၊ ဂျပန်နိုင်ငံ၏ ODA Loan ဖြင့် စီမံကိန်းအကောင်အထည်ဖော်မည့် အခြေအနေ၊ စီမံကိန်းဖြစ်မြောက်နိုင်စွမ်းလေ့လာရေး အစီရင်ခံစာအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေ၊ ဌာနပိုင်မြေအမည်ပေါက်ရရှိရေးအတွက် မြေသိမ်းဆည်းရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ထားမှုအခြေအနေ၊ မြေယာလျော်ကြေးပေးချေမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်း Feasibility Study Team  Deputy Team Leader, Mr. Uehara က ဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ်ချက် ဆောင်ရွက်မည့်အစီအစဉ်ကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ဦးဆောင်ကော်မတီဝင်များ ဖြစ်ကြသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဦးဆောင်ကော်မတီ အတွင်းရေးမှူး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးတို့က  စီမံကိန်းနှင့်စပ်လျဉ်း၍ ဌာနအလိုက် ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက နိဂုံးချုပ်အမှာ စကားပြောကြားရာတွင် တိုးတက်များပြားလာသော လေကြောင်းခရီးစဉ်များနှင့် ခေတ်မီလေယာဉ်ကြီးများ ဆင်းသက်နိုင်မည့် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာလေဆိပ်တစ်ခု တည်ဆောက်နိုင်ရေးအတွက် နေရာ (၉)နေရာအား လျာထားခဲ့ပါကြောင်း၊ ယင်းနေရာများအနက် ယခုစီမံကိန်း တည်ဆောက်မည့် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်နေရာသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လေကြောင်းပျံသန်းမှုများအား ထိခိုက်မှုမရှိဘဲ သီးသန့် Separation ပြုလုပ်နိုင်ခြင်း၊ နိုင်ငံတကာလေယာဉ် ပျံသန်းလမ်းကြောင်းများ (International Air Route) များသို့ လွယ်ကူစွာ ဝင်/ထွက်နိုင်ခြင်း၊ Wind Speed and Wind Direction အရ လေယာဉ်ပြေးလမ်းအား တောင်နှင့် မြောက်ဖောက်လုပ်နိုင်ခြင်း၊ ပတ်ဝန်းကျင်အတားအဆီးများ (Obstruction) ကင်းရှင်းမှုရှိခြင်း၊ နိုင်ငံတကာလေဆိပ်အင်္ဂါရပ်နှင့်အညီ ပြည့်စုံစွာ တည်ဆောက်နိုင်သည့် မြေနေရာနှင့် ထပ်မံတိုးချဲ့ရန် လုံလောက်သည့် အကျယ်အဝန်းရှိခြင်း၊ အချက်အချာကျသည့် မြို့များ၊ အဝေးပြေးလမ်း၊ ရထားလမ်းနှင့် ချိတ်ဆက်နိုင်ရန် ဆက်သွယ်မှုကောင်းမွန်ခြင်း၊ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို လောပိတနှင့် ဇောင်းတူရေအားလျှပ်စစ်တို့မှ ဖြည့်ဆည်းပေးနိုင်မည်ဟု မျှော်မှန်းခြင်း၊ ရေလိုအပ်ချက်ကို လေဆိပ်အနီးရှိ ဇလက်ထော်နှင့် မဇင်းရေလှောင်တမံမှ ရယူနိုင်ခြင်း၊ ပြည်တွင်းပြည်ပ လေယာဉ်ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးများအတွက် ဆုံရပ်ဖြစ်ခြင်းဆိုသည့် အားသာချက်(၉)ချက်ကြောင့် ဦးစားပေးရွေးချယ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးဆွေးနွေးချက်ပါ အချိန်မီဆောင်ရွက်ရမည့် လုပ်ငန်းများအား သတ်မှတ်ကာလအပြီး အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအနေဖြင့် ကဏ္ဍအလိုက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

 

သတင်းစဉ်