မန္တလေး ၁၅ မေ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် Myanmar Coffee Forum 2019 ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မန္တလေးမြို့ရှိ Mercure Mandalay Hill Resort Hotel ၌ ကျင်းပရာ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလှကျော်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ မြို့တော်ဝန် ဒေါက်တာရဲလွင်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကော်ဖီစိုက်ပျိုး ထုတ်လုပ်သူများအသင်း၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်သူ လုပ်ငန်းရှင်များ၊ ပြည်တွင်း ပြည်ပမှ ကော်ဖီဆိုင်ရာ ပညာရှင်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပထမအကြိမ် Coffee Forum ကို ၂၀၁၇ ခုနှစ် မေ ၂၃ ရက်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့ပြီး အဆိုပါ Coffee Forum မှ ထွက်ရှိလာသည့် ဖော်ထုတ်ချက်များကို အကောင်အထည်ဖော်ခဲ့ရာတွင် အောင်မြင်မှုများရှိသကဲ့သို့ လိုအပ်ချက်တစ်ချို့ ရှိနေသေးသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ယခု Coffee Forum နှင့် ပြီးခဲ့သည့် Coffee Forum အကြား(၂)နှစ်တာကာလအတွင်း ကော်ဖီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့ကြရာ အောင်မြင်မှုများရှိကြောင်းကို ထုတ်လုပ်မှုတိုးတက်လာခြင်း၊ ဈေးကွက်တစ်ခုဖြစ်ထွန်းလာခြင်းနှင့် တောင်သူများနည်းပညာကောင်းများ အသုံးချလာနိုင်ခြင်းတို့သည် မြင်သာသည့်အချက်များ ဖြစ်ပါကြောင်း။
ထိုသို့ကော်ဖီကဏ္ဍ တိုးတက်ဖွံ့ဖြိုးလာမှုကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရန် လက်ရှိကာလနှင့် လိုက်လျောညီထွေမှုရှိပြီး လိုအပ်ချက်များကို ထပ်မံဖြည့်ဆည်း အကောင်အထည်ဖော်နိုင်ရန်အတွက်ယခု Forum ကိုကျင်းပရခြင်းဖြစ်ပါကြောင်း၊ ယခုကျင်းပသည့် ဒုတိယအကြိမ် Coffee Forum ကို မြန်မာ့ကော်ဖီကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် အဓိကရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ရည်ရွယ်ချက် အောင်မြင်နိုင်ရေးအတွက် ဦးစီးဦးဆောင်ပြုနိုင်သည့် Coffee Board အဖွဲ့ဖွဲ့စည်း ရေး၊ကော်ဖီအရည်အသွေး၊ ဈေးကွက်နှင့်ထိုက်သင့်သည့် ဈေးနှုန်းရရှိလာစေရေး၊ ကော်ဖီစိုက်ပျိုး ထုတ်လုပ်နေသူများအတွက် ချေးငွေနှင့် အရင်းအနှီးများရရှိနိုင်ရေးတို့ကို အဓိကထားပြီး ဌာနဆိုင်ရာနှင့် ပုဂ္ဂလိကတို့ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။
ယနေ့ကမ္ဘာ့ကုန်စည်များထဲတွင် ရေနံပြီးပါက ကော်ဖီသည် ဒုတိယအဆင့် အရေးအပါဆုံး ကုန်စည်တစ်ခုဖြစ်ပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍမှ ထွက်ရှိသည့် ပြည်ပပို့ကုန်များအနက် ဆန်စပါး၊ ပဲမျိုးစုံတို့သည် အဓိကနိုင်ငံခြား ငွေရှာဖွေ ပေးသည့်သီးနှံများဖြစ်သကဲ့သို့ ကော်ဖီသီးနှံသည် လည်းနိုင်ငံခြားဝင်ငွေရရှိသည့် တန်ဖိုးမြှင့်စက်မှု သီးနှံတစ်မျိုးဖြစ်ပါကြောင်း၊ ပြင်ဦးလွင်ဒေသနှင့် ရှမ်းပြည်နယ်၊ ရွာငံဒေသမှထွက်ရှိသည့် မြန်မာ့အာရေဗီးကား ကော်ဖီသည် ကမ္ဘာ့အဆင့်မီ (Speciality Coffee) အဆင့်သတ်မှတ်ခံခဲ့ရပြီး ယခုအခါတွင် ကော်ဖီဈေးနှုန်းသည်လည်း သင့်တင့်သည့်ဈေးနှုန်းများရရှိလာပြီ ဖြစ်သည့်အတွက် မြန်မာ့ကော်ဖီကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နိုင်ငံခြားဝင်ငွေပိုမိုရရှိလာပြီး မြန်မာ့ကော်ဖီစိုက်တောင်သူများ၊ လုပ်ငန်းရှင်များ အကျိုးဖြစ်ထွန်းလာမည်ဖြစ်ပါကြောင်း၊ အာရေဗီးကားကော်ဖီသာမက နိုင်ငံတွင်း တင်သွင်းနေသည့် Instant Coffee များနေရာတွင် သွင်းကုန်အစားထိုးနိုင်ပြီး စိုက်ပျိုးရန် ရာသီဥတုနှင့်မြေနေရာ အလားအလာရှိသည့် ရိုဘတ်စတာ ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေးကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြစေလိုပါကြောင်း။
လက်ရှိ မြန်မာနိုင်ငံ၏ကော်ဖီကဏ္ဍသည် ကော်ဖီစိုက်ပျိုးသည့် အရှေ့တောင်အာရှ နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်တို့နှင့် နှိုင်းယှဉ်ပါက Processing နည်းပညာအားနည်းခြင်း၊ သတင်းအချက်အလက်ဖလှယ်မှု လိုအပ်ချက်များရှိနေခြင်းနှင့် ကော်ဖီသီးနှံဈေးကွက်ဝေစုရရှိမှုများ အားနည်းနေခြင်းတို့ကြောင့် ဖွံ့ဖြိုးမှု နောက်ကျနေသေးသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့၏ ကော်ဖီကဏ္ဍတစ်ခုလုံးရေရှည်ဖွံ့ဖြိုး တိုးတက်လာစေလိုပါက နိုင်ငံတော်အစိုးရ၏ မူဝါဒများဆိုင်ရာရပ်တည်ချက်များနှင့် ပုဂ္ဂလိကစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ်တွင် အတူတကွလက်တွဲ ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
မိမိတို့၏ ကော်ဖီများကို အရည်အသွေး ထိန်းသိမ်းထားနိုင်မည်ဆိုပါက သွင်းကုန်အစားထိုး ကုန်ပစ္စည်းအဖြစ်သာမက မိမိတို့လုပ်နိုင်ပါက လုပ်နိုင်သလောက် ပြည်ပပို့ကုန်အဖြစ် ဈေးကွက်ကျယ်ကျယ်ပြန့်ပြန့် ရရှိလာနိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ တိုးတက်လာစေရန်မှာလည်း မိမိတို့၏ကော်ဖီရပ်ဝန်းကြီး တစ်ခုလုံးနှင့် တိုက်ရိုက်၊ သွယ်ဝိုက် ဆက်နွှယ်ပတ်သက်နေသည့် ပြည်တွင်းဆိုင်ရာ ကိစ္စရပ်များ၊ ပြည်ပဆိုင်ရာကိစ္စရပ်များကို လေ့လာချိတ်ဆက်သုံးသပ်နိုင်ရန်နှင့် ပေါင်းစည်းပေးနိုင်ရန်အတွက် ဦးဆောင်ဦးရွက်ပြုကြမည့် ပုဂ္ဂိုလ်များ၏အားကို မဖြစ်မနေရယူရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့်လည်း ယနေ့ Coffee Board အဖွဲ့ ဖွဲ့စည်းနိုင်ရေးကို ဦးစားပေးလုပ်ငန်းရပ်တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ Coffee Board ဖွဲ့စည်းအကောင်အထည်ဖော်နိုင်ရေး အတွက်စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာနိုင်ငံကော်ဖီအသင်း၊ အခြားဆက်စပ်ဌာနများဖြစ်သည့် ကုန်သွယ်ရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာနတို့မှ စတင်ဆောင်ရွက်စေလိုပါကြောင်း။
အခြားအခက်အခဲတစ်ခုဖြစ်သည့် ရင်းနှီးငွေနှင့်ပတ်သက်၍ ပြည်တွင်းပြည်ပမှ ချေးငွေရရှိနိုင်မည့် နည်းလမ်းများ ရှာဖွေကြစေလိုပါကြောင်း၊ တွေ့ကြုံနေရသည့် အခက်အခဲများ၊ အတွေ့အကြုံများ၊ နည်းပညာများနှင့် ရလဒ်ကောင်းများ၊ အကြံဉာဏ်များကို ယခု ဒုတိယအကြိမ် Coffee Forum တွင် အပြန်အလှန်ဖလှယ်ပြီး ကော်ဖီကဏ္ဍ တိုးတက်ရေးအတွက် အလျင်အမြန် အထောက်အကူဖြစ်စေမည့် နည်းလမ်းများ ရရှိလာစေရန် ဆောင်ရွက်စေလိုပါကြောင်း၊ ဆောင်ရွက်နိုင်ကြမည်ဟု လည်းယုံကြည်မျှော်လင့်ပါကြောင်း။
မြန်မာ့ကော်ဖီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးရာတွင် နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် ဝန်ကြီးဌာနမှဖြည့်ဆည်းပေးရန် လိုအပ်ချက်များ၊ စိန်ခေါ်မှုများ၊ အနာဂတ်ကော်ဖီ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရမည့် လုပ်ငန်းများ၊ လက်ရှိ ကော်ဖီဈေးကွက် အခြေအနေများ၊ ကော်ဖီစိုက်တောင်သူများ အတွက်ပံ့ပိုးပေးရန် လိုအပ်ချက်များအား ထည့်သွင်းဆွေးနွေးကြပြီး စီးပွားရေးပညာရှင်များ အနေဖြင့်လည်း တန်ဖိုးမြှင့်ထုတ်ကုန် (Coffee Value Added) အတွက် စီးပွားရေး ရှုထောင့်အမြင်များနှင့် အကြံပြုဆွေးနွေးကြစေလိုပါကြောင်း။
Coffee Board ဖွဲ့စည်းနိုင်သည့်အပြင် ယနေ့ မိမိတို့ကော်ဖီကဏ္ဍအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် နည်းလမ်းများ ကိုယနေ့ဖိုရမ်မှ ဖော်ထုတ်ရရှိမည် ဆိုပါကမိမိတို့နိုင်ငံ၏ ကော်ဖီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာသည့် လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ပြီဟု ပြောနိုင်ပြီဖြစ်ပါကြောင်း၊ ပါဝင်ပတ်သက် သူများအားလုံးအနေဖြင့်လည်း ရေရှည်ဖွံ့ဖြိုးနေမည့် အခြေအနေများရရှိစေရန် ဝိုင်းဝန်းဆွေးနွေး ပေါင်းစပ်ဆောင်ရွက်နိုင်စွမ်း ရှိကြသည်ကိုလည်း ယုံကြည်ပါကြောင်း။
နိဂုံးချုပ်အနေဖြင့် မြန်မာ့ကော်ဖီကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ယခု Coffee Forum မှ ထွက်ပေါ်လာသည့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို ဝန်ကြီးဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ မြန်မာကော်ဖီအသင်းနှင့် အစုအဖွဲ့များမှ ကော်ဖီလုပ်ငန်းရှင်များနှင့် ကော်ဖီစိုက်ပျိုးသူတောင်သူများ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ကြပါရန် အလေးအနက် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလှကျော်တို့က ကော်ဖီကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ဆွေးနွေး တင်ပြကြသည်။
ဆက်လက်၍ ကော်ဖီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုဆိုင်ရာ Video Clip ကို ပြသသည်။
ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက Coffee Cupping Competition နှင့် ပတ်သက်၍ Natural Category တွင် ဆုရရှိသူများအားလည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က Washed Category တွင် ဆုရရှိသူများအားလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးလှကျော်က Other Category တွင် ဆုရရှိသူများအားလည်းကောင်း ဆုများချီးမြှင့်ကြသည်။
3
ထို့နောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး ခင်းကျင်းပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် ဒုတိယသမ္မတသည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ရဲရမန်းရွာအနီးရှိ ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွန်ကြားရေးမှူး ဦးခင်မောင်ဝင်းနှင့် တာဝန်ရှိသူများက ရဲရွာတမံတည်ဆောက်ထားရှိမှု အခြေအနေများနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ရှင်းလင်းဆောင်၌ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ရဲရွာစက်ရုံအား နိုင်ငံတော် ဓာတ်အားစနစ်နှင့် ချိတ်ဆက်ထားမှု အခြေအနေ၊ နှစ်အလိုက်ဓာတ်အားထုတ်လုပ်ခဲ့မှု အခြေအနေ၊ ဒီဇိုင်းသတ်မှတ်ချက်နှင့် အမှန်ဓာတ်အားထုတ်လုပ်မှု အခြေအနေ၊ နှစ်အလိုက် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အခြေအနေများနှင့် လုံခြုံရေးနေရာချထားမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ၂၀၁၉ ခုနှစ်အတွင်း အသစ်ပြီးစီးသည့် ဓာတ်အားပေးစက်ရုံများ အခြေအနေ၊ နှစ်စဉ်လအလိုက် အမြင့်ဆုံး လျှပ်စစ်ထုတ်လုပ်မှု အခြေအနေ၊ နှစ်စဉ် လအလိုက် ရေအားစက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အခြေအနေများကိုလည်းကောင်း၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုးက ရေအားလျှပ်စစ်ရေလှောင်တမံများ တည်ဆောက်ပြီးစီးမှု အခြေအနေများနှင့် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယသမ္မတက ယခုနှစ်သည် မုတ်သုံရာသီ နောက်ကျပြီး အထွက်စောမည်ဟု သိရသဖြင့် ရေအားလျှပ်စစ်ထုတ်လုပ်ရာတွင် ချိန်ဆဆောင်ရွက်သွားရန်၊ ရေအားဖြင့် လျှပ်စစ်ထုတ်လုပ်ခြင်းသည် ရာသီဥတု အခြေအနေအပေါ် မူတည်၍ ဆောင်ရွက်ရခြင်း ဖြစ်သည့်အတွက် အခြားသော နည်းလမ်းများဖြင့် သင့်တင့်သည့် ပမာဏဖြင့် ပေါင်းစပ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် ယခုအချိန်တွင် တာဘိုင်(၂)လုံးသာ လည်ပတ်လျက်ရှိရာ ကျန်တာဘိုင်(၂)လုံး၏ ကြံ့ခိုင်မှု ကောင်းမွန်စေရေး ပြင်ဆင်မွမ်းမံခြင်းအား အချိန်မှီဆောင်ရွက်သွားရန် မှာကြားသည်။
ယင်းနောက် ဒုတိယသမ္မတသည် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံအတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေနှင့် တမံတို့အား လှည့်လှည်ကြည့်ရှုစစ်ဆေးပြီး စက်ရုံဝန်ထမ်းများအား ဂုဏ်ပြုလက်ဆောင်ပေးအပ်သည်။
ရဲရွာရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံကို ၂၀ဝ၁-၂၀ဝ၂ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ရေလှောင်တမံ အချက်အလက်များအနေဖြင့် ကွန်ကရစ်တမံ အမျိုးအစား အလျား ၂၂၆၄ ပေ၊ အမြင့် ၄၃၃ ပေဖြစ်ကြောင်း၊ ရေလှောင်ကန်အတွင်းသို့ ရေဆင်းဧရိယာ ၁၀၈၉၀ စတုရန်းမိုင်ဖြစ်ပြီး နှစ်စဉ် ပျမ်းမျှ စီးဝင်ရေ ၁၂၁ သိန်းဧကပေ၊ ကန်ရေပြည့် ရေလှောင်ပမာဏမှာ ၂၁ သိန်းဧကပေဖြစ်ကြောင်း၊ ရေပိုလွှဲမှာ ရေတံခါးမပါ ရေပိုလွှဲ (Ogee Type Ungated) အမျိုးအစားဖြစ်ပြီး အကျယ်အားဖြင့် ၄၄၈ပေ ဖြစ်ဖြစ်ကြောင်း၊ ဓာတ်အားပေးစက်ရုံ အချက်အလက်များအနေဖြင့် စက်တပ်ဆင်အင်အား ၇၉၀ မဂ္ဂါဝပ်၊ တာဘိုင် အမျိုးအစားမှာ ဖရန်စစ်တာဘိုင်(ဒေါင်လိုက်)ဖြစ်ပြီး တစ်နှစ်ထုတ်လုပ်မှု ၃၅၅၀ ကီလိုဝပ်နာရီသန်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)