နေပြည်တော် ၂၁ သြဂုတ်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဒုတိယသမ္မတ ဦးစီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည့် ရေဘေးသင့်ဒေသများအတွက် ရေယာဉ် (၁) စီး ပေးအပ်လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးသန့်စင်မောင်၊ ဒေါက်တာမြင့်ထွေးနှင့် နိုင်သက်လွင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးစိုးအောင်နှင့် ဦးလှမော်ဦး၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယသမ္မတက ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုများကြောင့် ယနေ့ကမ္ဘာတွင် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ကြုံတွေ့ခံစားနေကြရပါကြောင်း၊ ဘေးအန္တရာယ်လျော့ပါးစေရေးအတွက် ကြိုတင်ကာကွယ်ခြင်း၊ ဘေးတွေ့စဉ် ဝိုင်းဝန်းကူညီ ကယ်ဆယ်စောင့်ရှောက်ခြင်းနှင့် သဘာဝဘေးဖြစ်ပွားပြီး နောက်ပြန်လည် ထူထောင်ပေးခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိရာ အသေအပျောက် အပျက်အစီးနည်းပါးစေရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်လျက်ရှိနေကြပါကြောင်း။
သဘာဝဘေးအန္တရာယ် ရင်ဆိုင်ကြုံတွေ့ကြရသည့်အခါ ဘေးအန္တရာယ်ဇုန်အတွင်းရှိ လူနှင့်တိရစ္ဆာန်များ ပြင်းထန်စွာ ထိခိုက်ခံစားနေကြရသည့်ကာလအတွင်း အန္တရာယ်ဇုန်ပြင်ပမှ လာရောက်ကူညီ ကယ်ဆယ်စောင့်ရှောက်မှုများသည် အလွန်အရေးပါသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါကြောင်း။
မြန်မာနိုင်ငံသည် အခြားကမ္ဘာ့နိုင်ငံများနည်းတူ နှစ်စဉ်သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ကျော်လွှားနေရသည့် ကာလတွင် အစိုးရသာမက ပြည်သူများ၊ လုပ်ငန်းရှင်များနှင့် လူမှုအဖွဲ့အစည်းများက ဝိုင်းဝန်းကူညီဆောင်ရွက်သည့် အလေ့အထ ပိုမိုအားကောင်းလာသည်နှင့်အမျှ ဘေးအန္တရာယ်ခံစားရသူများအတွက် ပိုမိုကောင်းမွန်သည့် ကူညီစောင့်ရှောက်မှုများ ပေးနိုင်လာသည်ကို တွေ့ရှိရပါကြောင်း။
မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေကြီးခြင်းနှင့် မြေပြိုခြင်းဘေးအန္တရာယ်များ ကြုံတွေ့နေရချိန်တွင် နယ်လှည့်ကျန်းမာရေး ကူညီစောင့်ရှောက်မှုပေးနိုင်ရေးအတွက် ရေယာဉ်တစ်စီးလှူဒါန်းသည့်အတွက် ကူညီကယ်ဆယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ပိုမိုအားတက်ဖွယ်ဖြစ်ပြီး စွမ်းဆောင်ရည်မြင့်မားသည့် အဆင့်တစ်ရပ်သို့ တက်လှမ်းလာနိုင်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း။
သဘာဝဘေးဒဏ်သင့်ပြည်သူများကို ပဲ့ချိတ်စက်လှေများ၊ ဖိုင်ဘာလှေများဖြင့် ကယ်ဆယ်ပြီး သက်ဆိုင်ရာ ဆေးရုံသို့ မပို့ဆောင်မီကာလအတွင်း ရေယာဉ်ပေါ်တွင် လုံခြုံစိတ်ချစွာ ကျန်းမာရေးပြုစုစောင့်ရှောက် ကုသမှုအချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် သဘာဝဘေးခံစားနေကြရသူများကိုယ်စား၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကိုယ်စား ကျေးဇူးတင် အသိအမှတ်ပြုပါကြောင်း။
ယခုလှူဒါန်းလာသည့် ရေယာဉ်ပေါ်တွင် လိုအပ်သည့် ဆေးဝါး၊ ကျန်းမာရေးဝန်ထမ်းနှင့် အခြားဖြည့်ဆည်းပေးရန် လိုအပ်သည်များကိုလည်း သက်ဆိုင်ရာဌာနများအနေဖြင့် ဆက်လက်ပံ့ပိုးပေးသွားမည် ဖြစ်ပါကြောင်း။
သဘာဝဘေးအန္တရာယ် ရင်ဆိုင်ကြုံတွေ့လာချိန်တွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အစိုးရနှင့်အတူ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် ဖိတ်ခေါ်လိုပါကြောင်း ပြောကြားသည်။
ထို့နောက် TINT TINT MYANMAR GROUP OF COMPANIES, ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က ရေယာဉ်လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူထံ TINT TINT MYANMAR GROUP OF COMPANIES, ဥက္ကဋ္ဌက ရေယာဉ်ဆိုင်ရာ စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ရာ ဒုတိယသမ္မတက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ ရေယာဉ်ကို ၂၀၁၇ ခုနှစ်တွင် ပြည်တွင်း၌ တည်ဆောက်ခဲ့ပြီး အလျား ၁၀၅ ပေ၊ အနံ ၁၈ ပေနှင့် အနက် ၆ ပေရှိကာ NISSAN RH (10) 200063 E (410) BHP အင်ဂျင်အမျိုးအစားကို အသုံးပြုထားကြောင်း၊ ရေယာဉ်ပေါ်တွင် အရေးပေါ်ခွဲစိတ်ခန်းသုံး ပစ္စည်းများ၊ အောက်ဆီဂျင်ဘူးများ၊ အရေးပေါ်ကယ်ဆယ်ရေး ဆေးပစ္စည်းများပါရှိပြီး လူနာခုတင် ၆ လုံးမှ ၁၀ လုံးအထိ တပ်ဆင်၍ Mobile Clinic အဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


