နေပြည်တော်၊ နိုဝင်ဘာ ၁၃

တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အဆင့်ဆင့်တို့တွင် တာဝန်ထမ်းဆောင်မည့် ဒုတိယဦးစီးမှူးများ လုပ်ငန်းခွင်အကြို စွမ်းရည်မြှင့် သင်တန်း အမှတ်စဉ် (၄/၂၀၂၃) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၌ ကျင်းပသည်။ 

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ယခုသင်တန်းတွင် ရွေးကောက်ပွဲနှင့် ရုံးလုပ်ငန်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများကို သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲများ ကျင်းပရာတွင် မြို့နယ်ကို အခြေခံပြီး ကျင်းပဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် မြို့နယ်ရှိ ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ သင်တန်းသားများအနေဖြင့် မြို့နယ်အရာရှိများကိုယ်စား လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန် မြို့နယ်တာဝန်ခံ ဦးစီးအရာရှိတစ်ဦး ဆောင်ရွက်ရသည့် လုပ်ငန်းတာဝန်များကို သိရှိထားရန်လိုအပ်ကြောင်း။

ရွေးကောက်ပွဲကော်မရှင်တွင် တာဝန်ထမ်းဆောင်ကြရမည့် ဝန်ထမ်းများအနေဖြင့် အရည်အချင်း ပိုင်းဆိုင်ရာ ပြည့်ဝရန်လိုအပ်သကဲ့သို့ စိတ်ဓာတ်ပိုင်းဆိုင်ရာလည်း ကြံ့ခိုင်ရန် လိုအပ်ကြောင်း၊ လုပ်ငန်းတာဝန်များကိုလည်း ကြိုတင်မျှော်တွေးပြီး ဆောင်ရွက်တတ်ရန် လိုကြောင်း၊ ပြောဆိုပြုမူနေထိုင်ရာတွင်လည်း အများလေးစားအောင် ယုံကြည်မှုရှိအောင် နေထိုင်ကြရန်လိုကြောင်း ပြောကြားသည်။ 

အဆိုပါသင်တန်းကို နိုဝင်ဘာ ၁၃ ရက်မှ ဒီဇင်ဘာ ၁၅ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်