နေပြည်တော်  ၈  ဇူလိုင် 


    
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယနေ့နံနက်ပိုင်းတွင် သွားရောက် ကြည့်ရှုစစ်ဆေးသည်။


    
ရှေးဦးစွာ လားရှိုးမြို့နယ်၊ မန်ကောင်း (မုန်းယင်း)ကျေးရွာအုပ်စုရှိ ဟိုခို၊ ပန်ကောင်းမှူး၊ ပန်လျှော်၊ မိုင်းလင်းနှင့် နမ့်မော်ကျေးရွာများ မီးလင်းရေးစီမံချက်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ  ဆိုလာအစုံ (၃၆၀) ကို ဒုတိယဝန်ကြီးက ထောက်ပံ့ပေးအပ်ခဲ့ရာ ကျေးရွာ ကိုယ်စားလှယ် များနှင့် ရွာသူ ရွာသားများက လက်ခံရယူကြသည်။


    
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သိန်းနီမြို့နယ်၊ စယ်အူ-နမ့်ခိုက် ကျေးရွာချင်း ဆက်လမ်း (၁၀/ဝ)မိုင်အနက် (၁/ဝ)မိုင် ကတ္တရာခင်းခြင်းလုပ်ငန်း၊ နားကုန်း-ဟိုဆော် (၄/ဝ)မိုင်အနက် (၁/ဝ)မိုင်ကျောက်ခင်းလုပ်ငန်း၊ နမ့်စလပ်-ဟိုနား ကျေးရွာချင်းဆက်လမ်း (၄/ဝ)မိုင်အနက်ကျန်(၃/ဝ)မိုင် အပြီးသတ်ကျောက် လမ်းခင်းခြင်းလုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လမ်း/တံတားလုပ်ငန်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ကာလပြီးစီးရေး၊ အရည်အသွေးစံချိန်စံညွှန်းနှင့်အညီ ရေရှည်တည်တံ့ကောင်းမွန်စေရေးနှင့် ဒေသခံပြည်သူများကလည်း လမ်း/တံတားများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းပေးရေးတို့ကို မှာကြားခဲ့ကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်