နေပြည်တော် ဇွန် ၄
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဇွန် ၁ ရက် မွန်းလွဲပိုင်းက အစိုးရ စက်မှုလက်မှုသိပ္ပံ(သန်လျင်)၌ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ဒေသတွင်းရှိ သီလဝါအထူးစီးပွားရေးဇုန်နှင့် MSME ဖွံ့ဖြိုးရေးအတွက် နည်းပညာရှင်များကို သတ်မှတ်စံနှုန်းများ အတိုင်းမွေးထုတ်ပေးနိုင်ရေး အလေးထား ဆောင်ရွက်ရန်နှင့် ပြည်သူများဘဝရပ်တည်မှုခိုင်မာစေရေးအတွက် လက်တွေ့ကျသည့် သက်မွေးနည်းပညာ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြား၍ ဝန်ထမ်းများ၏ အခက်အခဲ တင်ပြမှုများအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး စာကြည့်တိုက်၊ စာသင်ခန်းများ၊ လက်တွေ့ခန်းများနှင့် အလုပ်ရုံများ၊ ကျောင်းသန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီးသည် ဇွန် ၂ ရက်ကလည်း အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)သို့ ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး တစ်တပ်တစ်အားဖြစ်စေမည့် ဗလငါးတန်နှင့် ပြည့်စုံသော နည်းပညာရှင်လူငယ်ကောင်းများ၊ ဖြစ်စေရေး အဓိကရည်မှန်း၍ ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီး ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အမျိုးသားရေးလုပ်ငန်းစဉ်များကို အောင်မြင်အောင်ဆောင်ရွက်ရာတွင် ကောင်းစွာအထောက်အကူပြုနိုင်မည့်နည်း ပညာရှင်များကို အရည်အသွေးစံမီစွာ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ MSME များ အပါအဝင် စက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု သုတေသနပရောဂျက်များကို ဌာနများအပြင် ပုဂ္ဂလိကအဖွဲ့အစည်း များနှင့်ပါ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားပြီး ကောလိပ်၏ ကျောင်းအုပ်ကြီးထံ ဂုဏ်ပြုလက်ဆောင်ကို ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် စာကြည့်တိုက်၊ အင်ဂျင်နီယာဌာနများရှိ လက်တွေ့ခန်းများနှင့် အလုပ်ရုံများ၊ ဝန်ထမ်းအိမ်ရာများ၊ သီးပင်စားပင်စိုက်ခင်းများ၊ တည်ဆောက်ရေးလုပ်ငန်းနှင့် ကောလိပ်ဥပဓိရုပ် တင့်တယ်စေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)