နေပြည်တော် ဇွန် ၈
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့ နံနက်ပိုင်းက နေပြည်တောရှိ အစိုးရနည်းပညာ အထက်တန်းကျောင်း၌ တက်ရောက်နေသော အင်ဂျင်နီယာသင်တန်းများရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။ 
တွေ့ဆုံစဉ် ကျောင်းဖွင့်စကာလရှိ ကိုယ်စိတ်ရွှင်လန်းချမ်းမြေ့မှုများနှင့် ရည်မှန်းချက်ဆန္ဒ ထက်သန်မှုများကို သင်တန်းကာလတစ်လျှောက်လုံးခိုင်မြဲစွာ ထိန်းသိမ်း၍ လေ့ကျင့်သင်ကြားပေးသည့် နည်းပညာများကို အမှန်တကယ် ပိုင်နိုင်တတ်ကျွမ်းအောင် ဆောင်ရွက်ကြရန်၊ ယင်းနည်းပညာ ကျွမ်းကျင်မှုများဖြင့် ဘဝတိုးတက်အောင် တည်ဆောက်သကဲ့သို့ ဒေသတွင်းကုန်ထုတ်လုပ်ငန်းများနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် တစ်တပ်တစ်အား ပါဝင်တည်ဆောက်နိုင်သူများ ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။ 
ထို့နောက် ဒုတိယဝန်ကြီးသည်တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လူငယ်နည်းပညာရှင်များကို အရည်အသွေးစံမီစွာ စဉ်ဆက်မပြတ် ပျိုးထောင်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ဒေသတွင်း ပြည်သူများ၏ လိုအပ်ချက်နှင့် ကိုက်ညီသောသင်တန်းများကို ဖွင့်လှစ်ပေးရန် တိုက်တွန်းမှာကြားပြီး ကျောင်းစာကြည့်တိုက်အတွက် ဘာသာရပ်ဆိုင်ရာ စာအုပ်များနှင့် သုတရသစာအုပ်များကို ကျောင်းအုပ်ကြီးထံ ပေးအပ်လှူဒါန်း၍ ကျောင်းသား၊ ကျောင်းသူများထံ ကျောင်းသုံးစာအုပ်များနှင့် ပုံဆွဲသုံးပစ္စည်းများကို ပေးအပ်ချီးမြှင့်သည်။ 
ယင်းနောက် ဒုတိယဝန်ကြီးသည် အင်ဂျင်နီယာဌာနအလုပ်ရုံများကို ကြည့်ရှုစစ်ဆေးပြီး လက်တွေ့သုံး စက်ပစ္စည်းများ ပြင်ဆင်ထားရှိမှုများ၊ သုတေသန ဆောင်ရွက်ထားရှိမှုများနှင့် ရလဒ်အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့ကျကျ အထောက်အကူပြုမည့် သုတေသနပရောဂျက်များ၊ လက်တွေ့လုပ်ငန်းများဖြင့် ရှင်သန်သက်ဝင်နေသော အလုပ်ရုံများ အစဉ်ဖြစ်စေရေး အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။ 
သတင်းစဉ်