မကွေး၊ ဒီဇင်ဘာ ၂၈

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် နည်းပညာတက္ကသိုလ်(မကွေး)သို့ ရောက်ရှိခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။

 

တွေ့ဆုံပွဲ၌ ဒုတိယဝန်ကြီးက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဥ်များကို တစ်တပ်တစ်အား အထောက်အကူပြုနိုင်ရေးအတွက် လည်းကောင်း၊ ပြန်ပြည့်မြဲစွမ်းအင်ရင်း မြစ်များမှ ထုတ်ယူသုံးစွဲမှုများ မြှင့်တင်နိုင်ရေးနှင့် လျှပ်စစ်သုံးယာဉ်ကို အိမ်စီးယာဉ်များအပြင် စက်မှုလယ်ယာကဏ္ဍအတွက်ပါ သုံးစွဲနိုင်ရေးအတွက်လည်းကောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နေ့စ္စဓူဝ လုပ်ငန်းကိစ္စရပ်များ အဆင်ပြေပြေ ဆောင်ရွက်နိုင်ရေးအတွက် လည်းကောင်း ရေရှည်အကျိုးကျေးဇူးများ ဖြစ်ထွန်းရရှိနိုင်မည့် နည်းပညာဆိုင်ရာ သုတေသနများကို ရည်မှန်းချက်နှင့် စီမံကိန်းများချမှတ်ကာ ဆက်စပ်ဌာနများဖြင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် ဘာသာရပ်အလိုက် အဖွဲ့အလိုက် ခင်းကျင်းပြသထားသော သုတေသန Project Show ရှိ ကျောင်းသား၊ ကျောင်းသူများ၏ ရှင်းလင်းပြသမှုများကို စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးကာ ဒုတိယဝန်ကြီးက နည်းပညာသုတေသနများ၊ တီထွင်ဆန်းသစ်မှုများကို နိုင်ငံတော်နှင့် ဒေသတွင်း စက်မှုဇုန်တို့ရှိ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးရေး လက်တွေ့ကျကျ အသုံးချနိုင်သည်အထိ ချဲ့ထွင်၍ ပေါင်းစပ်ဆောင်ရွက်သွားရန်၊ မိမိတို့ဆောင်ရွက်သော သုတေသနများကို အခြေပြု၍ နောက်စာသင်နှစ်ရှိ ကျောင်းသားများ ဆက်လက်ဆောင်ရွက်သွားနိုင်ရေး လက်ဆင့်ကမ်းခဲ့ရန် တိုက်တွန်းပြောကြားကာ ထူးချွန်သော သုတေသနအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။၊

 

ယင်းနောက် ဘက်စုံသုံးမိုးလုံလေလုံ အားကစားခန်းမ၌ ဘောလီဘောကစားနေကြသော ကျောင်းသားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးကာ ဗလငါးတန်နှင့် ပြည့်စုံ၍ တိုင်းကျိုးပြည်ပြု မျိုးဆက်သစ်လူငယ် အင်ဂျင်နီယာကောင်းများဖြစ်စေရေး ကြိုးပမ်းစွမ်းဆောင်ကြရန် မှာကြား၍ လိုအပ်သည်များကို ဖြည့်ဆည်း ပေးသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပင်မဆောင်၊ အင်ဂျင်နီယာဌာနများမှ လက်တွေ့ခန်းများ၊ ကျောင်းသား၊ ကျောင်းသူဆောင်များနှင့် ကျောင်းသားဆောင် တည်ဆောက်ရေးလုပ်ငန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)သို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ ဒုတိယဝန်ကြီးက ပြည်သူများ၏ အလုပ်အကိုင်အခွင့် အလမ်းကို လက်တွေ့ကျကျ ဖန်တီးပေးနိုင်သော ပုံမှန်နှင့် ကာလတိုသင်တန်းများ၊ စံနှုန်းများနှင့် အညီ သင်ကြားမှုများ၊ လက်တွေ့လေ့ကျင့်မှုတို့ဖြင့် လှုပ်ရှားသက်ဝင်နေသော ကျောင်းဖြစ်စေရေးနှင့် နိုင်ငံတော်နှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ဤကျောင်းမှ ပျိုးထောင်ပေးသူများ ပါဝင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပြီး တာဝန်ရှိသူများအား ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်သည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် ကျောင်းဝန်းအတွင်းရှိ ပင်မဆောင်နှင့် အင်ဂျင်နီယာဌာနများအသီးသီးမှ အလုပ်ရုံများကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားကြောင်း သိရသည်။

 

သတင်းစဉ်