နေပြည်တော် ဇွန် ၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ယနေ့ နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ် စက်မှုဇုန်ရှိ Dekhina MeatCo.,Ltd ၏ အသားခြောက် ထုတ်လုပ်ရေးစက်ရုံ၌ ပြည်ပတင်ပို့ရန် တန်ဖိုးမြင့် အေးခဲသားထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဈေးကွက်နှင့်ကိုက်ညီသော အရည်အသွေးပြည့် ထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်ရန်၊ အစားအစာဘေးကင်းလုံခြုံရေးအတွက် သတ် မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျလိုက်နာကျင့်သုံးရန်၊ ခိုင်မာ သောဈေးကွက်ဖော် ဆောင်နိုင်ရန်၊ ဈေးကွက်လိုအပ်ချက်ရှိသော တန်ဖိုးမြင့်ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးနှင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် လယ်ဝေးမြို့နယ် ပန်းတင်ကျေးရွာ၌ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် အသားစားကြက် ကောင်ရေ( ၁၅၀၀၀ ) မွေးမြူထားပြီး တစ်နှစ်လျင် ပိဿာ(၆၀၀၀၀) ခန့်ထုတ်လုပ်၍ နေပြည်တော်အတွင်း ဖြန့်ဖြူးရောင်းချပေး နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မား တိုးတက်လာရေး အတွက် ပုဂ္ဂလိကအပိုင်းက ဝိုင်းဝန်းကြိုးပမ်းပေးရန် လိုအပ်ချက်များကို ဆွေးနွေး ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဒက္ခိဏသီရိမြို့နယ်ရှိ ငါးလုပ်ငန်းဦးစီးဌာနတိုင်းဦး စီးမှူးရုံးနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူးရုံး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)