နေပြည်တော် ဇန်နဝါရီ ၁၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး သည် ဇန်နဝါရီ (၁၆) ရက်က မြို့ကြီးရေလှောင်တမံသို့ ရောက်ရှိပြီး ရေလှောင်တမံ ရေဝင်ရောက်မှု၊ ရေယူအဆောက်အအုံ၊ ရေအားလျှပ်စစ်စက်ရုံနှင့် ရေလွှဲဆည်တို့အား ကြည့်ရှုစစ်ဆေးကြပြီး ရေလှောင်တမံ ဘေးကင်းလုံခြုံရေးအတွက် စဉ်ဆက်မပြတ် စူးစမ်းလေ့လာရန် လိုအပ်ချက်များ၊ ကြိုတင်ကာကွယ်ရေးအစီအမံများ ဆောင်ရွက်ရန် လိုအပ်ချက်များနှင့် ဒေသနေတောင်သူများ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်လုပ် ကိုင်နိုင်ရေး ဖြည့်ဆည်းကူညီဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် စိုက်ပျိုးရေးသုတေသနဦးစီးဌာန စက်မှုသီးနှံနှင့်နှစ်ရှည်ပင်များသုတေသနဌာနခွဲ၊ စိုက်ပျိုးရေးသုတေသနခြံ၏ သုသေတနလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ရေမြေရာသီဥတုနှင့် ကိုက်ညီ၍ အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်ပြီး တောင်သူဝင်ငွေတွက်ချေကိုက် သည့် မျိုးသန့်များထုတ်လုပ်ပေးရန်၊ တောင်သူများ၏ လိုအပ်အချက်အပေါ် အလေးထား ဆောင်ရွက်ရန် လိုအပ်ချက်များကိုဆွေးနွေး မှာကြားသည်။
အလားတူ စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲ၊ ပျော်ဘွယ်မြို့နယ် ချောင်းမကြီး မျိုးသန့်ခြံသို့လည်းကောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ရမည်းသင်းမြို့နယ် စည်ပင် စိုက်ပျိုးရေးသုတေသနခြံ သို့လည်းကောင်းရောက်ရှိပြီး ပိုက်ဆံလျှော် ၊ ပဲတီစိမ်း၊ နှမ်း၊ စပ်မျိုးနေကြာ၊ ပဲစင်းငုံသီးနှံ သုတေသနလုပ်ငန်းများ၊ ဒေသနှင့်ကိုက်ညီသည့် အရည် အသွေးကောင်း အထွက်ကောင်းမျိုးစေ့များ မျိုးပွားထုတ်လုပ်ဖြန့်ဖြူးမှုအခြေအနေများ၊ မျိုးရိုးဗီဇမှန်ကန်သည့် မျိုးစေ့အရည်အသွေးနှင့် ပြည့်စုံသောမျိုးစေ့များရရှိရးအတွက် အရည်အသွေး ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယ ဝန်ကြီးက တောင်သူများအတွက် စီးပွားရေးတွက်ခြေကိုက်မည့် သီးနှံမျိုးများနှင့် နည်းပညာများ ဖြန့်ဖြူးပေးရန်လိုအပ်ချက်များ၊ သရုပ်ပြပွဲများ ဆွေးနွေးပွဲများ တောင်သူပညာပေး သင်တန်းများဖွင့်လှစ်ပေးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ဇီဝကဘက်စုံမွေးမြူရေးခြံ၏ ဥစားကြက်၊ အသားစားကြက်၊ ဒေသဆိတ် မျိုး၊ ဒေသနွားမျိုးများနှင့် အသားတိုးနွားများမွေးမြူထားရှိမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


