နေပြည်တော် ဇွန်

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ငါးလုပ်ငန်းပညာ အခြေခံ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်ရှိ ငါးလုပ်ငန်းသိပ္ပံကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နှစ်ထပ်စာသင်ဆောင်၊ ထမင်းစားဆောင်၊ ဖူဆယ်ကစားကွင်း၊ အိပ်ဆောင်နှင့် ထမင်းစားဆောင်များ ဆောက်လုပ်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ငါးလုပ်ငန်းသိပ္ပံကျောင်း ပထမနှစ်နှင့် ဒုတိယနှစ် ကျောင်းသူ ကျောင်းသားများနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားကာ အလှူငွေနှင့် ကျောင်းသုံးစာအုပ်များ၊ အားကစားပစ္စည်းများကို ပေးအပ်သည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် လှိုင်သာယာမြို့နယ် စက်မှုဇုန်(၂)ရှိ ပုဂ္ဂလိက အအေးခန်းစက်ရုံများမှ ငါးပုစွန်များ အေးခဲပြုပြင်ထုပ်ပိုးပြီး UK, ITALY, SWEDEN, FRANCE, GREECE, OMAN, KUWAIT, QATAR, UAE နိုင်ငံများသို့တင်ပို့ရန် ဆောင်ရွက်နေမှုကို လည်းကောင်း၊ အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရှိ ပုဂ္ဂလိကအအေးခန်း စက်ရုံမှ ပြည်ပပို့ကုန်များ အေးခဲပေးနေမှု၊ ငါးခြောက်ထုတ်လုပ်နေမှု၊ ပြည်တွင်းဈေး ကွက်ဖြန့်ဖြူးနေမှုနှင့် SAUDI, CHINA, KOREA နိုင်ငံများသို့ တင်ပို့နေမှု အခြေအနေများကို လည်းကောင်း၊ တန်ဖိုးမြင့် ငါးပုစွန် စားသောက်ကုန်ချောများ ထုတ်လုပ်ပြီး Untted Kingdom, Australia, France, Malaysia နိုင်ငံများသို့ တင်ပို့မှုလုပ်ငန်း ဆောင်ရွက်နေမှုကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စားသုံးသူ ဘေးကင်းလုံခြုံရေးနှင့် နိုင်ငံတကာစံချိန်စံညွှန်းများကို တိကျစွာလိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်