နေပြည်တော်၊ ဒီဇင်ဘာ ၁၇
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ရှိ ၅၀၀ ကေဗွီ ကံကောင်း (မိတ္ထီလာ) ပင်မ ဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်းဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် စီမံကိန်းမန်နေဂျာတို့က စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်တိုးတက်မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ၅၀၀ ကေဗွီ ပင်မဓာတ်အားခွဲရုံသည် မြန်မာနိုင်ငံတွင် ပထမဆုံး တည်ဆောက်သည့် စီမံကိန်းဖြစ်သည့်အတွက် နည်းပညာစံချိန်စံညွှန်း ပြည့်မီစေရေး အထူးဂရုပြု ဆောင်ရွက်စေလိုကြောင်း၊ ဌာနမှအင်ဂျင်နီယာများကို ထိန်းသိမ်းမောင်းနှင်ရေးအတွက် နည်းပညာများအား လေ့လာဆည်းပူးနိုင်ရန် ပြည်ပသို့စေလွှတ်လျက် ရှိသကဲ့သို့ စီမံကိန်းလုပ်ငန်းခွင်တွင် နည်းပညာပိုင်း အတတ်ပညာများကိုပါ လေ့လာရယူရန်လိုကြောင်း၊ စီမံကိန်းပစ္စည်းများ လုပ်ငန်းခွင်သို့ အချိန်မီရောက်ရှိရေးနှင့် လုပ်ငန်းများအား အရည်အသွေးပြည့်မီစွာ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး တွန်းအားပေး ဆောင်ရွက်စေလိုကြောင်းနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဂရုပြုဆောင်ရွက်ကြရန် မှာကြားပြီး ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် စီမံကိန်းလုပ်ငန်းများ တည်ဆောက်တပ်ဆင်နေမှုနှင့် နွေရာသီကာလအတွက် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
သတင်းစဉ်