နေပြည်တော်၊ ဩဂုတ် ၂၆

 

ကျောင်းသား ကျောင်းသူလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ တိုင်းချစ်/ပြည်ချစ် စိတ်ဓာတ်ရှင်သန် ထက်မြက်စေရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်၍ "လူငယ် ရေးရာ အသိပညာပေးဟောပြောပွဲ" ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်၊ ဇမ္ဗူသီရိ မြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ အခြေခံပညာ အထက်တန်းကျောင်းအမှတ်(၁၁)ရှိ စုပေါင်းခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက လူငယ်များ၏ အနာဂတ်ဘဝ ရည်မှန်းချက် အလားအလာ ကောင်းမွန်စေရေး၊ နိုင်ငံတော်၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ကောင်းမွန်သော လူမှုအသိုက်အဝန်းတစ်ခု တည်ဆောက်နိုင်ရေးတို့ကို ရည်ရွယ်၍ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် လူငယ်ရေးရာအသိပညာပေးဟော ပြောပွဲများကို ပြုလုပ်လျက်ရှိပြီး ၂၀၂၂ ခုနှစ်၊ မတ်လမှ ဇူလိုင်လအထိ မြို့နယ်ပေါင်း(၂၂၁)မြို့နယ်တွင် အကြိမ်ရေစုစုပေါင်း(၂၉၀) ပြုလုပ်ခဲ့ရာ ကျောင်းသား ကျောင်းသူ အင်အား(၅၇၆၈၀)ခန့် တက်ရောက်ခဲ့ပါကြောင်း၊ တိုင်းပြည်၏ အခန်းကဏ္ဍ များကို ပုခုံးပြောင်းတာဝန်ထမ်းဆောင်မည့် လူငယ်များ၏ စွမ်းဆောင်ရည်၊ ကိုယ်ကျင့်တရား၊ တိုင်းချစ် ပြည်ချစ်စိတ်ဓါတ်နှင့် တာဝန်ယူမှု/တာဝန်ခံမှုရှိပြီး နိုင်ငံ့သားကောင်း လူရည်ချွန်များ ပေါ်ထွက် လာစေရေး ပြုစုပျိုးထောင်ပေးရန်လွန်စွာ အရေးကြီးကြောင်း၊ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိရေးအတွက် နည်းပညာသင်တန်းနှင့် သက်မွေးပညာသင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြား သွားရန်ရှိကြောင်း၊ ယနေ့ဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား ကျောင်းသူ လူငယ်များအနေဖြင့် ယခုဟောပြောပွဲမှရရှိသော ဗဟုသုတများ၊ အတွေးသစ်/အမြင်သစ်များကို လေ့လာမှတ်သားပြီး "လူငယ် အင်အားစွမ်းပကားဖြင့် နိုင်ငံ့ဂုဏ်ရောင်အလင်းဆောင်အံ့"  ဆိုသည့် လူငယ်ရေးရာ ဦးစီးဌာန၏ ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်နှင့်ပြည်သူ့အကျိုးကို သယ်ပိုး ဆောင်ရွက်နိုင်သော အနာဂတ်ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် ကြိုးစားကြစေလိုကြောင်း ပြောကြား သည်။

 

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းတို့က လူငယ်ရေးရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ဇမ္ဗူသီရိမြို့နယ် တိုက်ကွမ်ဒိုအဖွဲ့နှင့် Physical Fitness Dance အဖွဲ့တို့မှ သရုပ်ပြ တင်ဆက်ကြပြီး ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း က အဆိုပါအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်သက်ဝင်းထံသို့ အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)