နေပြည်တော် ဩဂုတ် ၂၂
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် လူငယ်ရေးရာ ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တွေ့ဆုံမိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီ တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက လူငယ်များသည် တိုင်းပြည်၏ အနာဂတ်မျိုး ဆက်သစ်များ ဖြစ်သည့်အတွက် မှန်ကန်သောအတွေးအခေါ်များရှိစေရန်နှင့် လမ်းကြောင်းမှန်ပေါ် ရောက်အောင် ပြုစုပျိုးထောင်ပေးရမည်ဖြစ်ကြောင်း၊ လူငယ်များကို အနာဂတ်တွင် ပညာရည် ထူးချွန်ပြီး အကျင့်စာရိတ္တနှင့် စည်းကမ်းကောင်းမွန်သော လူတော်လူကောင်းများဖြစ်လာစေရေး၊ ထူးချွန်ထက်မြက်သော ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန်အတွက် ပြုစုပျိုးထောင်ပေးရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများ အချင်းချင်းအပြန်အလှန် ရိုင်းပင်းကူညီဖေးမပြီး ဌာန၏ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရာတွင် ပိုမိုအောင်မြင်တိုးတက်အောင် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လူတိုင်းတွင် တန်ဖိုးနှင့်အရည်အချင်းများ ကိုယ်စီရှိကြကြောင်း၊ မိမိတို့အား ပေးအပ်ထားသော လုပ်ငန်းတာဝန်များကို ကျရာအခန်းကဏ္ဍမှ တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန်နှင့် စေတနာထားပြီး လုပ်ငန်းများ ဆောင်ရွက်ကြရန် လိုကြောင်း ပြောကြားသည်။'
ထို့နောက် လူငယ်ရေးရာဦးစီးဌာနရှိ စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ၊ လူ့စွမ်းအားအရင်းအမြစ်၊ လေ့ကျင့်ရေးနှင့် အသိပညာပေးဌာနခွဲ၊ သတင်းပြန်ကြားရေးနှင့် နိုင်ငံတကာဆက်ဆံရေး ဌာနခွဲနှင့် မသန်စွမ်းလူငယ်များ ဌာနခွဲတို့မှ အရာထမ်း/အမှုထမ်းများက တစ်ဦးချင်း မိတ်ဆက် ကြသည်။
ဆက်လက်၍ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းက လုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းသည် ဌာနခွဲအလိုက်ရုံးခန်း ဖွင့်လှစ်ထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်