နေပြည်တော် ဇွန် ၆
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မိထ္ထီလာပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိပြီး ပညာရေး ဒီဂရီကောလိပ် ၄ နှစ်သင် ကျောင်းသား ကျောင်းသူများနှင့် လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ် သင်တန်းသား သင်တန်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သည်များကိုမှာကြား ဖြည့်ဆည်းပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ပညာပါရမီခန်းမတွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ် ပညာသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများထံမှ နာခံ၊ မှတ်သား၊ အတုယူကာ မိမိတို့၏ တပည့်များကို ဆရာ့ကျင့်ဝတ်ငါးပါးနှင့်အညီ ပြန်လည်သင်ကြား ဆုံးမပဲ့ပြင်ပေးကြရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မိထ္ထီလာမြို့ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက် တန်းကျောင်း (ချည်စက်)များသို့ သွားရောက်ပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ အတန်းတက်ရောက် ပညာသင်ယူနေမှုကို ကြည့်ရှု့အားပေးပြီး ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ တပည့် ကျောင်းသား ကျောင်းသူများကို လိမ္မာရေးခြားရှိအောင် သွန်သင်ဆုံးမပေးရန်နှင့် ကျောင်းနေမြဲရေးအတွက် စည်းရုံးဆောင်ရွက်ပေးရန်၊ အမှန်တကယ်စာတတ် မြောက်အောင် သင်ကြားပေးရန် မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိထ္ထီလာတက္ကသိုလ်သို့ ရောက်ရှိပြီး သိပ္ပံ လက်တွေ့ခန်းများနှင့် ဘာသာရပ်ဌာနများကို စစ်ဆေးကြည့်ရှု့ပြီး ကျောင်းသား ကျောင်းသူများ စာသင်ခန်းများတွင် အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနေမှုများ၊ စာသင်ဆောင်များ သန့်ရှင်း သာယာသပ်ရပ်မှုရှိအောင် ဆောင်ရွက်ထားမှုအခြေအနေများကို ကြည့်ရှု့ကာလိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်