ရန်ကုန် နို၀င်ဘာ ၂၂

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ်သို့ရောက်ရှိပြီး ဓာတုဗေဒဌာန၌ ဘာသာရပ်မွမ်းမံသင်တန်း (Refresher Course)ပို့ချနေမှုကို ကြည့်ရှုစစ်ဆေးကာ ယခုကဲ့သို့ စွမ်းရည်မြှင့်သင်တန်းများ စဉ်ဆက်မပြတ် ပို့ချသွားရန်၊ ကျောင်းသား/ကျောင်းသူများ၏ စဉ်းစားတွေးခေါ်မှုဆိုင်ရာ ဦးစားပေး စွမ်းရည်(Skills) ၅ မျိုး ရရှိအောင် သင်ကြားနည်းစနစ် (Activities) ၇ မျိုးဖြင့် လေ့ကျင့်ပေးရန် ဆွေးနွေးမှာကြားသည်။


ထို့နောက် ဒုတိယ၀န်ကြီးသည် ရူပဗေဒဌာနသို့ရောက်ရှိပြီး ပါရဂူဘွဲ့ကြိုတန်း ကျောင်းသား/ကျောင်းသူများ သင်ယူလေ့ကျင့်နေမှုနှင့် ကျောင်းသားရေးရာဌာန၌ တက္ကသိုလ်‌ ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံနေမှုကို ကြည့်ရှုသည်။

ယင်းနောက် တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်၌ Online Public Access (OPAC) ကက်တလောက်စနစ်၊ Self-check ဖြင့် ကိုယ်တိုင်စာအုပ်များ ငှားနိုင်သည့်စနစ်၊ ခေတ်မီ ပညာရပ်မျိုးစုံပါရှိသည့် e-Resources online database စနစ်၊ ASEAN Corner ၊ ရှားပါးပေစာများကို digitization ပြုလုပ်မှုစနစ်၊ မိုင်ခရိုဖလင်မှ digital format သို့ကူးပြောင်းမှုစနစ် တို့ဖြင့် လုပ်ငန်းများဆောင်ရွက်နေမှုကိုလည်းကောင်း၊ အပန်းဖြေရိပ်သာ (Recreation Center)ရှိ အားကစားခန်းမ အခြေအနေ၊ ပင်လုံ‌ဆောင်ရှိ စာသင်ခန်းများ ပြင်ဆင်ထားရှိမှုနှင့် ပင်းယဆောင်ရှိ ကျောင်းသားအိပ်ခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ 

ဆက်လက်၍ ဒုတိယ၀န်ကြီးသည် ရန်ကုန်ပညာရေးတက္ကသိုလ်သို့ရောက်ရှိပြီး တက္ကသိုလ် ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံနေမှု၊ ကျောင်းဝင်ကြေးပေးသွင်းနေမှုနှင့် စာသင်ခန်းများ အသင့်ဖြစ်မှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။ 

မွန်းလွဲပိုင်းတွင် ဒုတိယ၀န်ကြီးသည် Yangon International School (YIS) သို့ ရောက်ရှိပြီး ပြဋ္ဌာန်းထားသော ပုဂ္ဂလိကပညာရေးဥပဒေနှင့်အညီ မြန်မာနိုင်ငံသား ကျောင်းသားလူငယ်များ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိအောင် သင်ကြားလေ့ကျင့်ပေးရေးနှင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ မှတ်ပုံတင်ရေး ဆွေးနွေးမှာကြားကာ YIS ကျောင်းရှိ စာသင်ခန်းများ၊ အားကစားခန်းမ၊ မြန်မာ့အနုပညာခန်းမ၊ ကျောင်းစာကြည့်တိုက်နှင့် ကျောင်း Campus တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်