နေပြည်တော် ၃၁ ဩဂုတ်
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းသည် ယနေ့နံနက် ပိုင်းတွင် ကျိုက်မရော - စံပယ်ဂူ - ကော့ပနောလမ်း ပေါ်ရှိ အတ္တရံမြစ်ကူး (စံပယ်ဂူ) တံတား တည်ဆောက်ရေး စီမံကိန်းအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ စီမံကိန်းတံတား ရှင်းလင်းဆောင်တွင် တံတားအထူးအဖွဲ့(၁၄) မှ ဒုတိယ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်မိုးလွင် က တံတားစီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းပြီးစီးမှု အခြေအနေများအား Power Point ဖြင့်လည်းကောင်း၊ ယင်းနောက် တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့် က တံတား၏ Structural Design နှင့်ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းသည်။
ထို့နောက် ဒုတိယဝန်ကြီး ကြိုးတင်းအားများနှင့်ပတ်သက်၍ လည်းကောင်း၊ Bearing များ၊ Expansion Joint များနှင့်ပတ်သက်၍လည်းကောင်း ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့ပြီး တံတားလုပ်ငန်းခွင်အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
အတ္တရံမြစ်ကူး (စံပယ်ဂူ) တံတားသည် အရှည် (၆၄၄ ဒသမ ၁ မီတာ) ၊ ယာဉ်သွားလမ်း အကျယ် (၇ ဒသမ ၂၀ မီတာ) နှစ်လမ်းသွား အမျိုးအစား ဖြစ်ပြီး Bored Pile အုတ်မြစ်၊ သံကူ ကွန်ကရစ် ကိုယ်ထည် နှင့် တံတားအပေါ်ထည်မှာ ပင်မတံတားမှ သံမဏိသံပေါင်ခုံ တံတား နှင့် ချဉ်းကပ်တံတားမှ သံကူကွန်ကရစ် ယက်မနှင့် ကြမ်းခင်း အမျိုးအစားဖြစ်ပြီး တံတား စီမံကိန်းကို ယခုအခါ တံတားတစ်စင်းလုံး ၏ (၉၇ ရာခိုင်နှုန်း) ပြီးစီးနေကြောင်း သိရသည်။ တံတားပြီးစီးသွားပါက ကျိုက်မရောမြို့ပေါ် (၄)ရပ်ကွက် အပါအဝင် မြစ်၏ အရှေ့ဘက်ခြမ်း နှင့် အနောက်ဘက်ခြမ်းမှ ကျေးရွာပေါင်း ၁၅၈ ရွာ မှ လူဦးရေ (၂)သိန်း ကျော်ကို အကျိုးပြုမည် ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သမိုင်းဝင် ကျိုက်သလ္လံဘုရားကုန်းတော် နှင့် စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ဆောက်ရွက်လျှက်ရှိသော တည်ဆောက်ရေးလုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ဘုရားရင်ပြင်ပေါ်ရှိ ဓမ္မာရုံတွင် ဘုရားပြုပြင် တည်ဆောက်ရေး တာဝန်ခံမှ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် တည်ဆောက်ရေး ဇုံ(၁) နှင့် (၄) တွင် ဆောက်ရွက်လျက်ရှိသော Bored Pile အုတ်မြစ်တည်ဆောက်ခြင်း၊ Pile Capping Beam များ၊ အထက်ပိုင်း မြေကာနံရံ တည်ဆောက်ခြင်း၊ Ground Beam၊ Grid Beam များ ဆောင်ရွက်ခြင်း၊ Erossion Control Matt များ ဆောင်ရွက်ခြင်း၊ Ground Anchor ဆောင်ရွက်ပြီး မြက်စိုက်ခြင်း လုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်း ပြီးစီးနေမှုအားလည်ကောင်း၊ တည်ဆောက်ရေးဇုံ (၂) တွင် လည်း ကုန်းတော် မြေပြိုကျမှု ကာကွယ်ရန် Ground Beam များ၊ Erossion Control Matt ဆောင်ရွက်ခြင်း၊ အောက်ခြေ မြေကာနံရံများ တည်ဆောက်ခြင်း မြက်စိုက်ခြင်း လုပ်ငန်းများ အားလုံး ၁၀၀ ရာခိုင်နှုန်း ပြီးစီးနေမှုအား လည်းကောင်း၊ တည်ဆောက်ရေး ဇုံ (၃) တွင်လည်း Ground Beam၊ Grid Beam များ ဆောင်ရွက်ခြင်း၊ Erossion Control Matt များ ဆောင်ရွက်ခြင်း၊ Soil-nailing ဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ ဇုံ တစ်ခုလုံး၏ ၇၁ ရာခိုင်နှုန်း ပြီးစီးနေမှုအားလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဘုရားရင်ပြင်တော်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


