နေပြည်တော်  ၃၀  ဩဂုတ်

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းသည် ယနေ့နံနက်ပိုင်းတွင် ဘုတ်ပြင်း အုန်းတောကမ်းလမ်းပေါ်ရှိ ဘုတ်ပြင်းအုန်းတောကမ်းတံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ တံတားတည်ဆောက်ရေးအထူးအဖွဲ့ (၁၃)မှ ဒုတိယ ညွှန်ကြားရေးမှူး(မြို့ပြ)  ဉီးကျော်ကျော်ဝင်းက တံတားတည်ဆောက်ပြီးစီးမှု အခြေအနေများအား လိုက်လံရှင်းလင်းတင်ပြသည်။

 

ထို့နောက် ဒုတိယဝန်ကြီးက တံတားစီမံကိန်းမှာ ပင်လယ်ရေငံနှင့် ထိစပ်နေသော အပိုင်းများတွင် တည်ဆောက်ရခြင်းဖြစ်၍ ဆောက်လုပ်ရေးလုပ်ငန်းသုံးသံချောင်းများ ပင်လယ်ရေငံ ထိတွေ့ခံနိုင်ရန် Anti Corrosive သုတ်ပြီးမှ သုံးရန်နှင့် မိကျောင်းအန္တရာယ်သတိထားဆောင်ရွက်ရန် မှာကြားသည်။ အဆိုပါ တံတားမှာအရှည်ပေ(၁၂၀၀)၊ ယာဉ်သွားလမ်း(၂၄)ပေ၊ အကျယ် (၂)လမ်းသွား တံတားဖြစ်ပြီး Bored Pile အုတ်မြစ် ၊ သံကူကွန်ကရစ်တိုင် ၊ ယက်မနှင့် ကြမ်းခင်း အမျိုးအစားဖြစ်သည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းအဖြစ် ဖောက်လုပ်နေသော လေညာရတနာပုံ တည်ဆောက်မှုပြီးစီးမှု အခြေအနေများကို မော်တော်ယာဉ်ဖြင့် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး မိုင်(၈/၃) အနီးသံကူကွန်ကရစ်တံတား တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးသည်။ လေညာရတနာပုံလမ်းမှာ အရှည်(၃၆)မိုင်၊ (၆)ဖာလုံရှိပြီး  ၂၀၁၆ - ၂၀၁၇  ခုနှစ်မှစတင်၍  မြေသားအဆင့်မှ စတင်တည်ဆောက်ခဲ့ရာ ယခုအခါ (၈)မိုင် ၊ (၃)ဖာလုံမှ (၂၄)ပေအကျယ် ကွန်ကရစ်လမ်းခင်းခြင်းပြီးစီးခဲ့ပြီး  မိုင် ၃၆/၆ အထိ အမာခံလမ်း နှင့်မြေလမ်းများ ပြီးစီးနေကြောင်းသိရသည်။ အဆိုပါ လမ်းပြီးစီးသွားပါက ထိုင်းနိုင်ငံနှင့် နှစ်နိုင်ငံကုန်စီး ဆင်းမှုများ လွယ်ကူစွာ ပို့ဆောင်နိုင်မည်ဖြစ်သည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြိတ်၊ တနင်္သာရီ၊ ဘုတ်ပြင်းလမ်းပေါ်ရှိ တနင်္သာရီ တံတား တည်ဆောက်ရေးစီမံကိန်းသို့ ရောက်ရှိပြီး တံတားပြီးစီးမှုအခြေအနေများ လှည့်လည်ကြည့်ရှု စစ်ဆေးရာ တံတား မှာ (၁၀၀ ရာခိုင်နှုန်း) ပြီးစီးနေပြီဖြစ်၍  တံတားဖွင့်လှစ်နိုင်ရေးအတွက် အသင့်ပြင်ဆင်ရန် မှာကြားသည်။ တနင်္သာရီတံတားမှာ အရှည်(၁၄၄၄)ပေ၊ ယာဉ်သွား လမ်း အကျယ် (၂၈)ပေရှိ (၂)လမ်းသွားတံတားဖြစ်ပြီး Bored Pile အုတ်မြစ်၊ သံကူကွန်ကရစ်တိုင်၊ Steel Box ယက်မ၊ ကွန်ကရစ်ကြမ်းခင်းတံတား အမျိုးအစားဖြစ်သည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြိတ်မြို့နယ်အတွင်းရှိ မင်းသန်း မောင်းလှော် ကျေးလက်လမ်းပေါ်ရှိ မင်းသန်း မောင်းလှော်တံတားစီမံကိန်း တံတားလုပ်ငန်းခွင်အား လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ပြီး တံတားအား ကျေးလက်လမ်းပေါ်တွင် တည်ဆောက်ခြင်းဖြစ်သော်လည်း ပင်လယ်ရေ ထွက်ပစ္စည်းများ သယ်ယူပို့ဆောင်လာသောလမ်းဖြစ်၍ တံတားအရည်အသွေးများကို ပြည့်မီ ကောင်းမွန်စွာဆောင်ရွက်သွားကြရန်မှာကြားသည်။ အဆိုပါ တံတားမှာ အရှည်ပေ(၂၁၀၀)၊ ယာဉ်သွားလမ်း(၂၂)ပေ၊ အကျယ်(၂)လမ်းသွားဖြစ်ပြီး Bored Pile အုတ်မြစ်၊ သံကူကွန်ကရစ်တိုင်၊ သံကူကွန်ကရစ် Steel Box ယက်မနှင့် ကွန်ကရစ်ကြမ်းခင်း တံတားဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးအဖွဲ့သည် ထားဝယ်-မြိတ်လမ်းပေါ်ရှိ သမုတ်လွတ်လွတ် တံတားတည်ဆောက်ရေး စီမံကိန်းသို့ ရောက်ရှိရာ တံတားရှင်းလင်းဆောင်တွင် တံတား တည်ဆောက်ရေးတာဝန်ခံ ညွှန်ကြားရေးမှူး(မြို့ပြ)၊ ဉီးကျော်မျိုးထွန်းက တံတားစီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် ပြီးစီးမှုအခြေအနေများကို Power Point ဖြင့်ရှင်းလင်းတင်ပြခဲ့ပြီး တံတား ဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးနေအောင်ရဲမြင့်က တံတားဒီဇိုင်းနှင့်ပတ်သက်၍ ဖြည့်စွက် ရှင်းလင်းတင်ပြခဲ့ကာ တနင်္သာရီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူး၊ ဦးသက်ဇော်ဝင်းက တံတား ချဉ်းကပ်လမ်းနှင့် တံတားပေါ် ကတ္တရာကွန်ကရစ်လမ်းခင်းခြင်း တည်ဆောက်မှုအား ဆက်လက် ရှင်းလင်းတင်ပြသည်။ ယင်းနောက် ဒုတိယဝန်ကြီးက တံတားလုပ်ငန်းခွင်အား လှည့်လည် ကြည့်ရှုစစ်ဆေးသည်။ သမုတ်လွတ်လွတ်တံတားမှာ အရှည်(၁၂၈၇) ပေ၊ ယာဉ်သွားလမ်း (၂၄)ပေ အကျယ်၊ (၂)လမ်းသွားတံတားဖြစ်ပြီး Bored Pile အုတ်မြစ်၊ သံကူကွန်ကရစ်တိုင်၊ သံကူကွန်ကရစ် Steel Box ယက်မများနှင့် သံကူကွန်ကရစ်တံတားအမျိုး အစားဖြစ်ကာ ယခုအခါ (၁၀၀ ရာခိုင်နှုန်း)  ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

 

ထားဝယ်၊ မြိတ်၊ တနင်္သာရီ၊ ကော့သောင်းလမ်းပေါ်တွင် သမုတ်လွတ်လွတ်တံတားနှင့် တနင်္သာရီတံတားများမှာ ယခုအခါ (၁၀၀ ရာခိုင်နှုန်း) ပြီးစီးနေပြီဖြစ်ရာ အဆိုပါလမ်းမကြီးတစ်လျှောက် ကုန်ကားများနှင့် ကားလေးများအပါအဝင် မော်တော်ယာဉ်များအားလုံး လွယ်ကူစွာ ဖြတ်သန်းသွားလာ နိုင်မည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)