နေပြည်တော် ၂၂ ဩဂုတ်
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း နှင့် ဧရာဝတီတိုင်း ဒေသကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဉီးဝင်းဌေးတို့သည် ယနေ့ နံနက်ပိုင်းတွင် ပုသိမ် တံတား တည်ဆောက်ပြီးစီး၍ (Load Test) တံတားခံနိုင်ဝန် စမ်းသပ်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့စစ်ဆေးစဉ် တံတားပေါ်၌ မီတာ(၁၄၀)အကျယ်ရှိသော အခန်းတွင် တန်(၂၀) အလေးချိန်ရှိသော (၁၀) ဘီးကား(၁၂)စီးဖြင့် တံတား၏ ခံနိုင်ဝန်ကိုသိရှိရန် တံတား ၏ကွေးညွှတ်မှု (Deflection) ကို တိုင်းတာခြင်းနှင့် သံမဏိသံပေါင်များအတွင်းရှိ ခံနိုင်စွမ်းအား (Stress Intesity )တိုင်းတာခြင်းသိရှိရန်အတွက်(Static Load Test) ဆောင်ရွက်ခြင်းနှင့် တံတား၏ ဘေးတွဲကြိုး (Hanger Cable) များ၏ တင်းအား (Tension) တိုင်းတာဆောင်ရွက်ခြင်းများကို တံတားဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးနေအောင်ရဲမြင့်မှ ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး ဒေါက်တာ ကျော်လင်းက တိုင်းတာတွက်ချက်မှုအရ ထွက်ရှိလာသော ကွေးညွှတ်မှု(Deflection) နှင့် (Cable Tension) များ အသေးစိတ်စစ်ဆေးပြီး ရလဒ်များမှာ သတ်မှတ်ချက်အတွင်းရရှိသဖြင့် တံတားအား (Fit for Service) အဖြစ် ဆုံးဖြတ်သတ်မှတ်ပေးခဲ့သည်။
ထိုနောက် ဒုတိယဝန်ကြီးက တံတား(Dynamic Load Test )ကို သိရှိရန်အတွက် ယနေ့မှ စ၍ လူစီးကားငယ်လေးများကို တံတားမဖွင့်မီအချိန်အထိ နေ့စဉ်နံနက်(၅)နာရီမှ ည(၇)နာရီအထိ ဖြတ်သန်းခွင့်ပြုပြီး (Dynamic Load Test) များကို နေ့စဉ်စောင့်ကြည့်မှတ်တမ်းတင်ထားရန် မှာကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဉီးအောင်ကျော်ခိုင်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့မိမြို့ဖများကို တံတားအပေါ်တွင် လူစီးကားငယ်လေးများ ဖြတ်သန်းခွင့်ပြုမည့်အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပန်းတနော်-ရွှေလောင်း-ဝါးခယ်မလမ်းပေါ်ရှိ ဝါးခယ်မ တံတားတည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိပြီး တံတားပြီးစီးမှုကိုလည်းကောင်း၊ ရွှေလောင်းတံတား တည်ဆောက်ပြီးစီးမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ပုသိမ်တံတား၊ ဝါးခယ်မတံတားနှင့် ရွှေလောင်းတံတားတို့သည် ယခုအခါ ၁၀၀ ရာခိုင်နှုန်း ခန့်ပြီးစီး နေပြီဖြစ်၍ လာမည့်စက်တင်ဘာလတွင် ဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်းသိရသည်။
သတင်းစဉ်