နေပြည်တော်  ၂၃   ဩဂုတ် 

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းသည် ဩဂုတ် ၂၂ ရက် ညနေပိုင်းတွင် ရန်ကုန်-ပုသိမ်လမ်း (ရန်ကုန်-ဗိုလ်မြတ်ထွန်းတံတားအပိုင်း) (၃၆) မိုင်အား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။ 

ရှေးဦးစွာ မိုင်(၂၆/၅) ရှိ လုပ်ငန်းခွင် ရှင်းလင်းဆောင်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူး (မြို့ပြ)၊ ဦးရန်နိုင်ဇော်က လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းလျာထားချက်နှင့် ပြီးစီးမှု၊ လက်ရှိတံတားများအား (၄)လမ်းသွား တံတားများအဖြစ် တိုးချဲ့နေမှု၊ ရေနှင့် ထိစပ်နေသော လမ်းအပိုင်းများတွင် Slop Protection ဆောက်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။ 

ယင်းနောက် တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်က ရန်ကုန်-ပုသိမ်လမ်း၊ ငရုတ်ကောင်း-ငွေဆောင်-ချောင်းသာလမ်းနှင့် ပတ်သက်၍ ရန်ကုန်-ပုသိမ်လမ်းကို လမ်းကြောင်း သုံးခုရှိကြောင်း လမ်းအမှတ်(၁)မှာ ရန်ကုန်-ဆားမလောက်-ပုသိမ်လမ်း၊ လမ်းအမှတ်(၂)မှာ ရန်ကုန်-ကော့မှူး-ဒေးဒရဲ-ဖျာပုံ-ဘိုကလေး-မော်ကျွန်း-ဝါးခယ်မ-ပုသိမ် လမ်းဖြစ်ပြီး၊ ၎င်းလမ်းပေါ်ရှိ တည်ဆောက်ဆဲ တံတားများ၏ ပြီးစီးမှုနှင့် လမ်းအမှတ်(၃)မှာ ရန်ကုန်-တွံတေး-မအူပင်-ရေလဲကလေး-ရွှေလောင်း-ကျွန်းကုန်း-ပုသိမ်လမ်း စသည်ဖြင့် လမ်းသုံးလမ်း အခြေအနေများကို ဖြည့်စွက်ရှင်းလင်း တင်ပြသည်။ 

ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လမ်းအမှတ်(၁)မှာ လက်ရှိ အသုံးပြုလျက်ရှိပြီး လမ်းအမှတ်(၂)မှာ မကြာခင် အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း လမ်းအမှတ်(၃)မှာ ရေလဲကလေးနှင့် ရွှေလောင်းအပိုင်းမှာ ကျန်ရှိနေသေး၍ လမ်းအူကြောင်းနှင့် လမ်းဖောက်လုပ်ခြင်း လုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်သွားကြရန်နှင့် လက်ရှိ ရန်ကုန်-ပုသိမ်လမ်း အဆင့်မြှင့်တင်ရာ၌ Slop Protection အတွက် Sheet Pile ရိုက်ရမည့် Design များ၊ Road Furniture များ၊ Road Safety လုပ်ငန်းများနှင့်ပတ်သက်၍ ပုံစံများ အဆုံးအဖြတ် ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိုင် (၃၀/၃) အနီးတွင် ရေထိစပ်နေသော အပိုင်းအား Silence Piler ဖြင့် Sheet Pile ရိုက်သွင်းနေမှုများအား ကြည့်ရှုစစ်ဆေးပြီး၊ Design အတိုင်း ဆောင်ရွက်နိုင်ရန် မှာကြားသည်။ 

ရန်ကုန်-ပုသိမ်လမ်း မိုင် (၅/၄) မှ (၄၁/၄) အထိ (၃၆) မိုင်အား (၃၆) ပေ အကျယ်နှင့် ပေ (၃၀) အကျယ် ကွန်ကရစ်လမ်းဖြင့် အဆင့်မြှင့်တင်ရာတွင် အပြီးသတ်လုပ်ငန်းများနှင့် Road Safety အတွက် Road Furniture လုပ်ငန်းများသာ ကျန်ပြီး လမ်းလုပ်ငန်းမှာ ၉၈% ပြီးစီးနေပြီး ခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာအသုံးပြုလျက်ရှိကြောင်း သိရသည်။  

(သတင်းစဉ်)