နေပြည်တော် ၁၁  ဇွန် 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေသည် ကိုရီးယားသမ္မတနိုင်ငံ၊ Ministry of Environment ၏ဒုတိယဝန်ကြီး Dr. Park Chunkyoo နှင့်အဖွဲ့အား ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ဝန်ကြီးဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

 

6784

 

ထို့သို့ ဆွေးနွေးရာတွင် ကိုရီးယား-မဲခေါင် ဇီဝမျိုးစုံမျိုးကွဲစင်တာအားမြန်မာနိုင်ငံတွင် တည်ထောင်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ သုတေသနနှင့် အသုံးဝင်ဇီဝအရင်းအမြစ်များဆိုင်ရာ သုတေသနလုပ်ငန်း ပူးပေါင်းဆောင်ရွက်နိုင်မှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကျင်းပမည့် အာဆီယံ-ကိုရီးယားထိပ်သီးညီလာခံ၌ ကိုရီးယား-မဲခေါင် ဇီဝမျိုးစုံမျိုးကွဲစင်တာတည်ထောင်ရေးအား အစီအစဉ်တစ်ရပ်အနေဖြင့် ထည့်သွင်းနိုင်ရေးအတွက်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ခြင်းဖလှယ်ဆွေးနွေးကြသည်။

 

6796

 

မြန်မာနိုင်ငံတွင် ကိုရီးယား-မဲခေါင် ဇီဝမျိုးစုံမျိုးကွဲစင်တာ တည်ထောင်ခြင်းအားဖြင့် မြန်မာနိုင်ငံအပါအဝင်မဲခေါင်ဒေသနိုင်ငံများရှိ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး ကဏ္ဍပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုမြှင့်တင်နိုင်မည်ဖြစ်ပြီး၊ အသုံးဝင်ဇီဝအရင်းအမြစ်များနှင့် မျိုးရိုးဗီဇများအား ဖော်ထုတ်ထိန်းသိမ်းနိုင်မည်ဖြစ်သဖြင့် ဇီဝမျိုးစုံမျိုးကွဲတန်ဖိုးများအား စီးပွားရေးတန်ဖိုးများအဖြစ်ပြောင်းလဲနိုင်သည့် အကျိုးကျေးဇူးများရရှိနိုင်မည် ဖြစ်ကြောင်းသိရသည်။

(သတင်းစဉ်)