နေပြည်တော်၊ ဒီဇင်ဘာ၂၁
နေပြည်တော်ကောင်စီ နယ်မြေတွင် ဖွင့်လှစ်လျက်ရှိသည့် ပုဗ္ဗသီရိမြို့နယ် အမှတ် (၂၀) အခြေခံပညာ အထက်တန်းကျောင်းနှင့် ပျဉ်းမနားမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းများတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းပညာ သင်ကြားပို့ချပေးနေမှုများကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ကျောင်းသား ကျောင်းသူများအနေဖြင့် ခေတ်မီ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များကို စားရေရိက္ခာဖူလုံရေး ထုတ်လုပ်မှုဘာသာရပ်အဖြစ် နားလည် သဘောပေါက်ရန်လိုကြောင်း၊ သက်ဆိုင်ရာ ဆရာ ဆရာမများအနေဖြင့် အလေးထား ကြိုးပမ်းပေးကြရန်နှင့် လက်တွေ့ဘဝကို အခြေခံသည့် သင်ကြားသင်ယူမှု ဆောင်ရွက်နိုင်ရေး တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် စာသင်ခန်းများအတွင်း ဆောင်ရွက်လျက်ရှိသည့် သင်ကြားသင်ယူခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံကာ စိုက်ပျိုးရေး မွေးမြူရေးဘာသာရပ်များကို လေ့လာအားထုတ်မှု ပြင်းပြသောဆန္ဒများ ပေါ်ပေါက်လာစေရေး ဟောပြောပို့ချခြင်းနှင့် လက်တွေ့စိုက်ကွင်းများကို ကြည့်ရှုအားပေးကာ လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
အလားတူ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းများတွင် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းပညာ စာတွေ့သင်ကြားပို့ချပေးနေမှုနှင့် လက်တွေ့စိုက်ကွင်းများကို ကြည့်ရှုအားပေးကြသည်။
အခြေခံပညာ အထက်တန်းကျောင်းများတွင် တွဲဖက်ဖွင့်လှစ်ထားသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းပညာအတွက် စာသင်နှစ် တစ်နှစ်လျှင် ကျောင်းတစ်ကျောင်း၌ စိုက်ပျိုးရေး ကျောင်းသား ကျောင်းသူ (၃၀) နှင့် မွေးမြူရေး ကျောင်းသား၊ ကျောင်းသူ (၃၀) စုစုပေါင်း (၆၀) ကို သတ်မှတ်ချက်များနှင့်အညီ ခေါ်ယူသင်ကြားပေးလျက်ရှိပြီး လက်တွေ့လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးကောင်းမွန်သူ၊ အခြေခံပညာ အထက်တန်း KG+9 အောင်မြင်ပြီး လျှောက်လွှာပိတ်ချိန်တွင် အသက် (၂၀) နှစ်ထက် မကြီးသူများ တက်ရောက် သင်ယူနိုင်ကြမည်ဖြစ်သည်၊၊ သင်တန်းကာလ (၃) နှစ်ပြီးမြောက်၍ အောင်မြင်ပါက အခြေခံပညာ အထက်တန်း (စိုက်ပျိုးရေး)၊ အခြေခံပညာ အထက်တန်း (မွေးမြူရေး) ပြီးမြောက်ကြောင်း အောင်လက်မှတ်ပေးအပ် ချီးမြှင့်မည်ဖြစ်ကာ လုပ်ငန်းခွင်သို့ ဝင်ရောက်လိုက ဝင်ရောက်နိုင်ပြီး ဆက်လက်၍ အဆင့်မြင့် စိုက်ပျိုးမွေးမြူရေး ပညာရပ်များကို သင်ယူလိုက သင်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်