နေပြည်တော်၊ နိုဝင်ဘာ ၂၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်သည် ယမန်နေ့ နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာအုပ်စု၌ တောင်သူများနှင့် တွေ့ဆုံပြီး စက်ကိရိယာများ အသုံးပြု၍ ဆောင်းသီးနှံ အချိန်မီ စိုက်ပျိုးနိုင်ရေးနှင့် သီးနှံစုံ အကန့်လိုက် စိုက်ပျိုးနည်းစနစ်များကို ရှင်းလင်းဆွေးနွေးသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက မြေကွက်တစ်ကွက်ထဲတွင် သီးနှံဇီဝ မျိုးကွဲစုံလင်စွာ စိုက်ပျိုးနိုင်ခြင်းကြောင့် တစ်ကွက်ထဲမှ သီးနှံမျိုးစုံထွက်ရှိနိုင်ပြီး သီးနှံတွဲဖက်မှု မှန်ကန်ပါက သီးနှံတစ်မျိုးခြင်း အထွက်တိုးစေနိုင်ကြောင်း သုတေသနပြု တွေ့ရှိထားပြီး ရာသီဥတုဖောက်ပြန်မှုနှင့် ပိုးမွှားကျရောက်မှုကြောင့် သီးနှံအလုံးစုံ ဆုံးရှုံးမှု အန္တရာယ်မှ ရှောင်လွှဲနိုင်ကြောင်း၊ (Strip Cropping) သီးနှံစုံ အကန့်လိုက် စိုက်ပျိုးခြင်းကြောင့် ရာသီဥတုဖောက်ပြန်လျှင် သီးနှံတစ်မျိုး ဆုံးရှုံးနိုင်သော်လည်း အခြားအကန့်တွင် စိုက်ပျိုးထားသော သီးနှံမှ အထွက်နှုန်းရရှိကာ မရေရာမှုကို လျှော့ချ၍လည်းကောင်း၊ သီးနှံမျိုးပေါ်မှုတည်၍ ဝယ်လိုအား သီးခြားရှိနိုင်ခြင်းကြောင့် စျေးကွက်အခွင့်အလမ်းတိုးမြှင့်ကာ အကျိုးအမြတ်များစေနိုင်ကြောင်း၊ ထို့ပြင် သီးနှံတစ်မျိုး၏ စျေးကွက်မတည်ငြိမ်မှု ဆိုးကျိုးကို အခြားသီးနှံများ စျေးကွက်ဖြင့် ထိန်းညှိလျှော့ချနိုင်ကြောင်း၊ ယင်းစနစ်ကို နိုင်ငံတကာတွင် ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ကြံ့ကြံ့ခံနိုင်စေရန် ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေကြပြီဖြစ်ကြောင်း။
စပါးအခြေခံ သီးနှံပုံစံတွင် စပါးအပြီး ဆီထွက်သီးနှံများ၊ စပါးအပြီး ဖူးစားပြောင်းနှင့် အစေ့ထုတ်ပြောင်း သီးနှံပုံစံများကို လယ်သမားများ ပါဝင်သော သုတေသနလုပ်ငန်းများ လုပ်ကိုင်ကြစေရန်နှင့် စပါးအပြီး ယာသီးနှံများ စိုက်ပျိုးရာတွင် ဖြည့်စွက်ရေ တစ်ကြိမ်မှ နှစ်ကြိမ် လိုအပ်သလို ပေးသွင်းပါက ထည့်သွင်းပေးခဲ့သည့် သွင်းအားစုများကို အပင်က ကျယ်ကျယ်ပြန့်ပြန့် တုံ့ပြန်စားသုံးနိုင်ခြင်းကြောင့် သီးနှံအထွက်နှုန်းကို တိုးတက်မြင့်မားစေနိုင်ကြောင်း၊ ရေသွင်းရာတွင်လည်း မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်တွင် ရှေးပဝေသဏီကပင် ကျင့်သုံးလျက်ရှိသော ဘောင်ကြီးတင် (Broad Bed and Furrow ) စနစ်များကို စမ်းသပ်ကြည့်ရန် လိုကြောင်း၊ ယင်းစနစ်၏ အားသာချက်မှာ ရေလိုအပ်လျှင် ရေကို သီးနှံမထိခိုက်အောင် သုံးနိုင်ခြင်း၊ အချိန်အခါမဟုတ် မိုးကြီးလျှင်လည်း ရေထုတ်ရ လွယ်ကူစေခြင်းတို့ ဖြစ်သည့်အတွက် မျှော်မှန်းထားသည့် အယ်နီညိုဖြစ်စဉ်အတွက် အကောင်းဆုံး ပြင်ဆင်နိုင်မည့် စနစ်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် တောင်သူများက စက်အားသုံး ပဲမျိုးစုံ နှမ်းကြဲပက်စိုက်ခြင်းစနစ်ကို စမ်းသပ် သုတေသန ပြုကြစေလိုကြောင်း၊ ဆီထွက်သီးနှံများအနက် ချဉ်ပေါင်စေ့ဆီကို စမ်းသပ်ထုတ်လုပ်ရန်သင့်ကြောင်း ၎င်းတို့၏ အတွေ့အကြုံများကို အခြေခံ၍ သုတေသန ဆက်လက်ဆောင်ရွက်ပေးရန် ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် တောင်သူများသည် ရေသွင်း၊ ရေထုတ်စနစ် မှန်ကန်စေရန်အတွက် ဘောင်ကျယ်စနစ်ဖြင့် စိုက်ပျိုးနိုင်သော မျိုးစေ့ချကိရိယာ အသုံးပြု၍ စိုက်ပျိုးခြင်းကိုလည်းကောင်း၊ သီးနှံအလိုက် သတ်မှတ်ထားသော မျိုးစေ့နှုန်းထား၊ မြေသြဇာနှုန်းထားနှင့် အပင်ပြုစုစောင့်ရှောက်မှုကို ချမှတ်ထားသော သီးနှံစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ကျင့်သုံးခြင်းကို လည်းကောင်း ကြည့်ရှုအားပေးကြသည်။
ထို့ပြင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများ၏ စိုက်ပျိုးရေးအတတ်ပညာ သင်တန်းများတွင် သင်ကြားမည့် ဘာသာရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


