နေပြည်တော် ဇွန် ၁၅
တောင်သူများပူးပေါင်းပါဝင်ရွေးချယ်သော စပါးမျိုးသားဆက်လိုင်းများ ရွေးချယ်ခြင်း ဆောင်ရွက်မှု အခမ်းအနားကို ယမန်နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင် ရပ်ကွက် တောင်သူ ဦးတင်အောင်ထွန်း၏ လယ်မြေ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် စိုက်ပျိုးရေး သုတေသနပညာရှင်များတက်ရောက်၍ စပါးမျိုးသားဆက်လိုင်းရွေးချယ်ခြင်းဆိုင်ရာ နည်းပညာအဆင့်ဆင့်ကို ရှင်းလင်းပြသကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက တောင်သူကြီးများအတွက် လိုအပ်သည့် စိုက်ပျိုးရေးဆိုင်ရာ သတင်းချက်အလက်များရရှိရေးနှင့် ကိုယ်တိုင်စနစ်တကျ ရှာဖွေလေ့လာနိုင်စေရေးအတွက် ယူကျု့အပါအဝင် ဒီဂျစ်တယ်မီဒီယာ အသုံးပြုနည်းများကို စိုက်ပျိုးပညာပေးဝန်ထမ်းများက မျှဝေပေးသွားရန် ဖြစ်ကြောင်း၊ လက်ရှိတွင်လည်း အချို့တောင်သူကြီးများ ကျွမ်းကျင်စွာသုံးစွဲနေကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ အဆိုပါမီဒီယာများမှဆစ်ဆင့် တောင်သူများအချင်းချင်း သတင်းအချက်အလက်များ ပြန်လည်မျှဝေရန်အတွက်လည်း အားလုံးပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရမည်းသင်းမြို့နယ် စီပင်စိုက်ပျိုးရေးသုတေသနခြံ၌ လယ်ယာကဏ္ဍဆိုင်ရာ ဒေသဝန်ထမ်းများနှင့် တွေ့ဆုံပြီး သီးနှံတစ်ခုစိုက်ပြီး နောက်သီးနှံ တစ်ခုစိုက်ရန် စောင့်ဆိုင်းကာလ မြေလပ်ချိန်တွင် ရရှိလာသည့်မိုးရေကို အကျိုးရှိစွာအသုံးချသည့်အနေဖြင့် သစ်စိမ်းစိုက်ပျိုးစေလိုကြောင်း၊ ရာသီဉတုနှင့် လိုက်လျောညီထွေရှိသည့် ဘောင်ကြီးတင်စနစ်ကဲ့သို့ စိုက်နည်းစနစ်များကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် လက်ခံကျင့်သုံးလာစေရေး အထူးအလေးထားဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
ထိုနောက် ဒုတိယဝန်ကြီးသည် ပျော်ဘွယ်မြို့နယ် ဘုရားကြီးအုပ်စု ချင်းယားကုန်းကျေးရွာ၌ ကျင်းပပြုလုပ်သော ဆင်းရွှေကြာ-၂ မျိုးထိန်းခြင်းနှင့် မျိုးမြှင့်တင်ရေးစိုက်ခင်းများကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် ခင်မင်ရင်းနှီးစွာတွေ့ဆုံ၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ နည်းစနစ်များကို ရှင်းလင်းဆွေးနွေးပြောကြားကာ လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


