နေပြည်တော် စက်တင်ဘာ ၂၄
တရုတ်ပြည်သူ့သမ္မတနိုင်ငံ စိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် စက်တင်ဘာ ၁၉ ရက်မှ ၂၀ ရက်အထိ ရှန်စီးပြည်နယ် ရန်လင်းမြို့၌ ကျင်းပသည့် ၂၀၂၃ ခုနှစ် ကမ္ဘာ့မြေဆီလွှာ ကျန်းမာရေးဆွေးနွေးပွဲ 2023 Global Forum on Soil Health သို့ တက်ရောက်ခဲ့ကြသည်။
Soil Health Management နှင့် ပတ်သက်သည့် အတွေ့အကြုံများ ဖလှယ်ရန်နှင့် မူဝါဒပိုင်းဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ရန်၊ နည်းပညာဆိုင်ရာများဖလှယ်နိုင်ရန်၊ စားနပ်ရိက္ခာဖူလုံခြင်းနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပြသနာများ ဖြေရှင်းရန်၊ ပူးတွဲလုပ်ဆောင်ချက်များ အကောင်အထည်ဖော်ရန်၊ ကုသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး၏ ၂၀၃၀ အစီအစဉ်အား အကောင်အထည်ဖော်ရန် ရည်ရွယ်၍ 2023 Global Forum on Soil Health ကို ကျင်းပခြင်း ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက မြန်မာ-တရုတ် နှစ်နိုင်ငံ၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးမှုပူးပေါင်း ဆောင်ရွက်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာများ၊ သီးနှံဗီဇမျိုး အရင်းအမြစ်များ အပြန်အလှန် ဖလှယ်နိုင်ရေး၊ မြေဆီလွှာ ကျန်းမာရေးကောင်းမွန်ရေး နည်းပညာနှင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေး ခဲ့သည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် စပါးစိုက်ပျိုးသည့် မြေများ၏ မြေဆီလွှာကျန်းမာရေး တိုးတက်ဖွံ့ဖြိုးရေး အလုပ်ရုံဆွေးနွေးပွဲတွင် ဦးဆောင် ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ပြီး နှစ်နိုင်ငံ သုတေသနနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာများ၊ စားရေရိက္ခာဖူလုံရေးနှင့် အာဟာရပြည့်ဝရေး ဈေးကွက်ဖော်ဆောင်ရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး ဆိုင်ရာများကို ဆွေးနွေးခဲ့သည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စက်တင်ဘာ ၂၁ ရက်တွင် ရန်လင်းမြို့၌ ပြသထားရှိသော မြေဆီလွှာ ဖွံ့ဖြိုးရေး ပြခန်းများ၊ ခေတ်မီစိုက်ပျိုးရေးလုပ်ငန်းများနှင့် ရှန်ဟဲပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံများက ကျင်းပသည့် ကုန်စည်ပြပွဲတို့ကို သွားရောက်လေ့လာခဲ့ကြပြီး စက်တင်ဘာ (၂၃)ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက် ရှိကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)