မန္တလေး၊ နိုဝင်ဘာ ၁၉ 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယနေ့ နံနက်ပိုင်းတွင် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အကောင်ထည်ဖော် ဆောင်ရွက်နေသည့် မြနန်းစံကျော်ရွှေနန်းတော် နန်းဆောင်ပတ်လည် သစ်သားကြမ်းခင်း ပြုပြင်ခြင်းလုပ်ငန်း၊ မြေနန်းပြာသာဒ်ဆောင်နှင့် မှန်နန်းဆောင်တို့တွင် ခင်းကျင်းပြသရန် ဆောင်ရွက်ထားရှိမှုနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် အမျိုးသားကဇာတ်ရုံ (မန္တလေး) ၌ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (မန္တလေး) ဌာနခွဲ၊ အနုပညာဦးစီးဌာန (မန္တလေး) ဌာနခွဲတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံပြီး နိုင်ငံတော်၏ မူဝါဒများနှင့် လုပ်ငန်းတာဝန်များ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် အမရပူရမြို့နယ်ရှိ ဦးပိန်တံတားသို့ ရောက်ရှိပြီး ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ် တောင်သမန် ဦးပိန်တံတား ရေရှည်တည်တံ့ ခိုင်မြဲရေး ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။ 

ထို့ပြင် ဒုတိယဝန်ကြီးသည် ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ အနုပညာအထက်တန်းကျောင်း (မန္တလေး) ဝင်းအတွင်း ပန်တျာ သင်ကြားဆောင် ဆောက်လုပ်နေမှုကို လည်းကောင်း၊ ဗန်းမော်ကျောင်းတိုက်၌ ဗန်းမော် ဆရာတော်ကြီး၏ အထိမ်းအမှတ်ပြတိုက် ဖွင့်လှစ်နိုင်ရေးအတွက် ခင်းကျင်းပြသမည့် ပစ္စည်းများနှင့် ပြသမည့်အခန်းတို့ကိုလည်းကြောင်း သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်